မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် မင်းဘူး(စကု)မြို့နယ်၌ မိုးများ၍ နွေနှင့် မိုးနှမ်းစိုက်ခင်းများ ထိခိုက်ပျက်စီးမှု ကွင်းဆင်းကြည့်ရှု

 



မင်းဘူး ဇွန် ၁၅

 

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ မိုးများ အဆက်မပြတ်ရွာသွန်းပြီး ဒေသခံတောင်သူ များ၏ သီးနှံစိုက်ခင်းများအတွင်း မိုးရေဝင်ရောက်မှုများကြောင့် နွေနှမ်းနှင့် မိုးနှမ်းသီးနှံ စိုက်ခင်းများ ထိခိုက် ပျက်စီးမှုအခြေအနေများကို မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများ က ဇွန် ၁၄ ရက်က သွားရောက်ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။ (ယာပုံ)

 

ထိုသို့စစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ရေပုတ်ကျေးရွာ ကွင်းအမှတ် ၁၂၃၇(က)၊ လက်ခုပ္ပင် ကျေးရွာ ကွင်း အမှတ် ၁၂၄၇ နှင့် တောင်မန်းကျေးရွာ ကွင်းအမှတ် ၁၂၉၂ သို့ သွားရောက်ပြီး မြို့နယ်အတွင်း မိုးများ၍ နွေနှမ်းနှင့် မိုးနှမ်းသီးနှံစိုက်ခင်းများ၌ ရေကြီးနှစ်မြုပ် ထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံစဉ်တိုင်းဒေသ ကြီး ဝန်ကြီးချုပ်က အမှာစကားပြောကြားသည်။

 

ဆက်လက်၍ ဒေသခံတောင်သူများ၏လယ်ယာ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ပတ်သက်၍ အခက်အခဲ နှင့် လိုအပ်ချက်တင်ပြမှုများအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်နိုင်သည့် စိုက်ခင်းများ၌ သီးနှံအသစ် အချိန်မီအစားထိုးစိုက်ပျိုးနိုင်ရေး နည်းပညာများနှင့် ပြန်လည်ကုစားနိုင်ရေး ဆောင်ရွက်ရမည့် နည်းလမ်းများကို သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မင်းဘူး(စကု)မြို့နယ်၌ မေလနောက်ဆုံးပတ်နှင့် ဇွန်လအတွင်း မိုးရွာသွန်းမှုများကြောင့် ကျေးရွာ အုပ်စုပေါင်း ၂၇ အုပ်စုမှ စိုက်ကွင်းပေါင်း ၅၇ ကွင်းရှိတောင်သူပေါင်း ၁၁၅၄ ဦးတို့၏ ဆီထွက်သီးနှံ စိုက်ခင်းများဖြစ်သော နွေနှမ်း ၄ဝ၁၅ ဧကနှင့် မိုးနှမ်း ၆၇ ဧက စုစုပေါင်း နှမ်းသီးနှံစိုက်ခင်း ၄၀၈၂ ဧက အတွင်း မိုးရေများဝင်ရောက်ပြီး ရေကြီးနစ်မြုပ်မှု ဖြစ်ပွားကာ နှမ်းသီးနှံစိုက်ခင်းများ ထိခိုက်ပျက်စီး ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီထံမှ သိရသည်။

မောင်မောင်(မင်းဘူး)

No comments

Powered by Blogger.