အင်ဒိုနီးရှားနိုင်ငံ၌ မီးတောင်ပေါက်ကွဲမှုကြောင့် ဘာလီလေကြောင်းခရီးစဉ်များ ဖျက်သိမ်း



ဂျကာတာ   ဇွန်   ၁၈

အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းတွင်   မီးတောင်ပေါက်ကွဲမှုဖြစ်ပွားသောကြောင့်  ဘာလီအပန်းဖြေကျွန်း သို့  အဝင်/အထွက်  လေယာဉ်ခရီးစဉ်   နှစ်ဒါဇင်ကျော်  ဖျက်သိမ်းလိုက်ရကြောင်း သိရသည်။     ဒေသအာဏာပိုင်များသည် သတိပေးအဆင့်ကို အမြင့်ဆုံးအထိ တိုးမြှင့်ပြီး မြစ်များအတွင်း  မီးတောင်ရွှံ့နွံစီးဆင်းမှုအန္တရာယ်ကို   သတိပေးထားသည်။

အင်ဒိုနီးရှားနိုင်ငံ မီးတောင်လေ့လာစောင့်ကြည့်ရေးအေဂျင်စီက ဖလောရက်စ်ကျွန်းပေါ်ရှိ လီဝါတိုဘီ လာကီ-လာကီမီးတောင်သည် ဇွန် ၁၇ ရက်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်းနှင့် ပြာပူများ ၁၀ ကီလို မီတာအမြင့်အထိ ပန်းထုတ်ခဲ့ကြောင်း ပြောသည်။

မီးတောင်ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရှိ ကျေးရွာနှစ်ရွာမှ ဒေသခံများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး အစီရင်ခံဖော်ပြခြင်းမရှိသော်လည်း လမ်းများပေါ်တွင် ပြာနှင့် ကျောက်စရစ်ခဲအများအပြား ဖုံးလွှမ်းသွားခဲ့ကြောင်း သိရသည်။ 

ဘာလီအပန်းဖြေကျွန်းသို့ ပြည်တွင်း ပြည်ပ လေယာဉ်ခရီးစဉ် အဝင်/ အထွက် ၃၀ ကျော်ကို ဇွန် ၁၈ ရက်တွင် ဖျက်သိမ်းလိုက်ရကြောင်း လေဆိပ်အော်ပရေတာ၏ ထုတ်ပြန်ချက်အရ သိရသည်။

လေယာဉ်ခရီးစဉ် ဖျက်သိမ်းမှုကြောင့် စင်ကာပူ၊ ဩစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့ အများဆုံး သက်ရောက်မှုရှိကြောင်း သိရသည်။

အင်န်အိတ်ချ်ကေ

No comments

Powered by Blogger.