ကလေးမြို့၌ မြန်မာအီလက်ထရွန်နစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းဖွင့်
ကလေး ဇွန် ၁၉
စစ်ကိုင်းတိုင်းဒေသကြီး ကလေး မြို့၌ မြန်မာအီလက်ထရွန်နစ် မဲပေးစက်
(MEVM) အသုံးပြုခြင်း ဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို မြို့နယ်စုပေါင်းရုံး
အစည်းအဝေးခန်းမ၌ ယမန်နေ့က ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်၊ စစ်ကိုင်းတိုင်းဒေသကြီး
တာဝန်ခံ ဦးမြင့်သိန်းက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပရာတွင် မဲမသမာမှုများ
မရှိစေရေး အတွက် မဲပေးစက်များဖြင့် ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊
မဲရုံများတွင် တာဝန် ထမ်းဆောင်မည့် မဲပေးစက် ကိုင်တွယ်သူများအား ဆင့်ပွားသင်တန်း ပေးနိုင်ရေးအတွက်
ယခုကဲ့သို့ မဲပေးစက်အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာဖြစ်သင်တန်းကို ဖွင့်လှစ်သင်ကြားပေးခြင်း
ဖြစ်ကြောင်း၊ သို့ဖြစ်၍ သင်တန်းသား သင်တန်းသူများအနေဖြင့် စိတ်ပါဝင်စားစွာဖြင့် ကျွမ်းကျင်သည်အထိ
ကြိုးစား လေ့လာ သင်ယူကြစေလိုကြောင်း ပြောကြားသည်။ ဆက်လက်၍ နည်းပြ ဆရာများနှင့် သင်တန်းသား
သင်တန်းသူများ စာတွေ့လက်တွေ့ သင်ကြားပို့ချနေမှုများကို ကြည့်ရှုအားပေးကြသည်။
အခမ်းအနားသို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ချင်းပြည်နယ်တာဝန်ခံ
ဦးအောင်မိုးမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးမှ သင်တန်းနည်းပြ ဆရာများ၊ ကလေးခရိုင်၊ မြို့နယ်
စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဖလမ်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်
အဖွဲ့ဝင်များ၊ ချင်းပြည်နယ်၊ ကလေးခရိုင်နှင့် မော်လိုက်ခရိုင် ကိုယ်စားပြု နည်းပြဆရာဖြစ်
သင်တန်းသား သင်တန်းသူ ၂၅ ဦးနှင့် ဌာနဆိုင်ရာ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း
သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments