မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးနှင့် ပန်းခင်းစီမံချက် လျာထားချက်ပြီးမြောက်အောင်မြင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် ရှင်းလင်း
နေပြည်တော် ဇွန် ၁၉
မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုဗဟိုကော်မတီဥက္ကဋ္ဌ၊
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည်
မွန်ပြည်နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်
ဦးအောင်ကြည်သိန်းနှင့်အတူ ယနေ့ နံနက် ၉ နာရီခွဲက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး
အောင်ဆန်းခန်းမ၌ ကျင်းပသည့် ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ မွန်ပြည်နယ်အတွင်းရှိ
ပြည်နယ်၊ ခရိုင်၊ မြို့နယ် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များနှင့်
တွေ့ဆုံညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပြီး မွန်ပြည်နယ်အနေဖြင့်လည်း
ရာနှုန်းပြည့်ကောက်ယူ ဆောင်ရွက်ခဲ့ပြီးဖြစ်ပါကြောင်း၊ ယင်းစာရင်းများကို ပြည်နယ်၊ ခရိုင်၊
မြို့နယ် မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကော်မတီအဆင့်ဆင့်က စိစစ်အတည်ပြုကာ ဗဟိုကော်မတီမှတစ်ဆင့်
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသို့ တင်ပြခွင့်ပြုချက်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့
မဲစာရင်းပြုစု နိုင်ရေးပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း။
မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး
ကိုင် ဆောင်မဲပေးနိုင်ရေး အတွက်လည်း မိမိတို့ဝန်ကြီးဌာနမှ ပန်းခင်းစီမံချက်များဖြင့်
အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ၊
မွန်ပြည်နယ်အနေဖြင့် ပန်းခင်းစီမံချက်အားလုံးတွင် လျာထားချက် ရာနှုန်းပြည့်ဆောင်ရွက်
နိုင်ခဲ့ပြီးဖြစ်သော်လည်း ထပ်မံ၍ အသက် (၁၈) နှစ် ပြည့်လာမည့်သူများအတွက် ယခုပန်းခင်းစီမံချက်
အဆင့် (၃) ဖြင့် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း
တစ်သောင်းကိုးထောင်ကျော် ထုတ်ပေးရန် လျာထားဆောင်ရွက်လျက်ရှိပါကြောင်း။
ရွှေ့ပြောင်း နေထိုင်သူများအတွက် ဥပဒေနှင့်အညီ ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုးရရှိ
ကိုင်ဆောင်နိုင်ရေး၊ ဥပဒေနှင့်ကိုက်ညီသူများ မဲစာရင်းတွင်ပါဝင်စေရေး၊ မဲစာရင်းတစ်နေရာထက်
ပိုမိုပါဝင်မှုမရှိစေရေးတို့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် အပြန်အလှန်ဆက်စပ်ချိတ်ဆက်
ညှိနှိုင်းဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များသည် နိုင်ငံတော်၏
အန္တိမရည်မှန်းချက်ဖြစ်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဖြစ်မနေဆောင်
ရွက်ရမည့် လုပ်ငန်းစဉ်များဖြစ်သည်နှင့်အညီ ကြီးကြပ်မှုကော်မတီအဆင့်ဆင့်က တက်ညီလက်ညီ
ဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်း
မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရရှိသည့် လူဦးရေအချက်အလက်များ ကွဲလွဲမှုမရှိစေရေးနှင့်
ပြည့်စုံမှန်ကန်ရေး တို့အတွက် စိစစ်ပြင်ဆင်ဆောင်ရွက်နေမှု၊ ပန်းခင်းစီမံချက်အဆင့်
(၃) လျာထားသတ်မှတ်ချက်အပေါ် အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ အတည်ပြုလူဦးရေစာရင်းများ
သတ်မှတ်ရက်အရောက် ပေးပို့နိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် တာဝန်ရှိသူများက လုပ်ငန်းများ အောင်မြင်ရေးအတွက် ကဏ္ဍအလိုက်
ဆောင်ရွက်နေမှုအခြေအနေများ၊ မဲစာရင်း မှန်ကန်ရေးနှင့် ကိုင်ဆောင်ကတ်ပြားတစ်မျိုးမျိုး
ကိုင်ဆောင်မဲပေးနိုင်ရေး ဆောင်ရွက်နေမှုများနှင့် လုပ်ငန်းဆိုင်ရာလိုအပ်ချက်များကို
ရှင်းလင်းဆွေးနွေး တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေး၍
နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments