ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး စိုက်ပျိုးစွမ်းအားမြှင့်တင်ရေး တောင်သူစည်းရုံးပညာပေး ကွင်းသရုပ်ပြပွဲ ကြည့်ရှုအားပေး

 



ဘားအံ ဇွန် ၁၉

 

ကရင်ပြည်နယ်အတွင်း ယခုနှစ်မိုးရာသီတွင် မိုးစပါး ၄၂၇၁၅၁ ဧက စိုက်ပျိုးသွားမည်ဖြစ်ပြီး လျာထားဧက ပြည့်မီကျော်လွန်ရေးနှင့် တစ်ဧကအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက် ပြည့်မီကျော်လွန်ရေးအတွက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဆက်စပ်ဌာနများ ပူးပေါင်း၍ တောင်သူစည်းရုံးပညာပေးလုပ်ငန်း များကို ဆောင်ရွက်လျက်ရှိရာ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ထယ်ထိုးမြေပြင်ခြင်းကွင်းသရုပ်ပြ ပွဲကို ယနေ့နံနက်ပိုင်းတွင် ဘားအံမြို့နယ် ဝင်းကျန် ကျေးရွာ ကွင်းအမှတ်-၁၂၁၅/က တောင်သူ ဦးမောင်လင်းအောင်၏ပိုက်ဆံလျှော်စိုက်ခင်းအတွင်း၌ ကျင်းပသည်။

 

အဆိုပါကွင်းသရုပ်ပြပွဲသို့ ကရင်ပြည်နယ်ဝန်ကြီး ချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝင်းကျန်ကျေးရွာ၊ ဖာလင်-၁ ကျေးရွာနှင့် ဖာလင်-၂ ကျေးရွာတို့မှ တောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက သစ်စိမ်း မြေဩဇာ (ပိုက်ဆံလျှော်)စိုက်ပျိုးထယ်ထိုး မြေပြင်ခြင်းအား ဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးဌာနခွဲ မှ ဓာတ်မြေဩဇာအသုံးပြုမှုကို လျှော့ချ၍ ဈေးနှုန်း သက်သာပြီး ရေရှည်တွင် မြေဆီဩဇာကောင်းမွန် စေသော သဘာဝမြေဩဇာများကို တောင်သူများ တွင်တွင်ကျယ်ကျယ် အစားထိုးအသုံးပြုလာစေရန် စူပါဘိုကာရှီမြေဆွေး ပြုလုပ်သုံးစွဲနည်းကို လက်တွေ့ပြုလုပ်ပြသနေမှုကို ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ဝင်းကျန်ကျေးရွာ ကွင်းအမှတ်-၁၂၁၅/ခ၊ တောင်သူဒေါ်ထွေးမြ၏ လယ်မြေ ငါးဧက၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ် ပြပွဲကို တက်ရောက်ကြည့်ရှုပြီး ပြည်နယ်စိုက်ပျိုး ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက မျိုးစေ့ချကိရိယာ ဖြင့်စိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများကိုလည်း ကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးက မိုးစပါး စွမ်းအားပြည့်စိုက်ပျိုးထုတ်လုပ်နိုင်ရေးဆိုင်ရာများ ကိုလည်းကောင်း ဆွေးနွေးပြောကြားကာ တောင်သူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည် ရှင်းလင်းဖြေကြား၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.