၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရသည့် Grade 12 ကျောင်းသား ကျောင်းသူများ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်တို့ကို ဆက်လက်ဖြေဆို
နေပြည်တော် ဇွန် ၁၉
နေပြည်တော်ကောင်စီနယ်မြေ၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊
ကချင်ပြည်နယ်တို့မှ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆို ကြမည့် ကျောင်းသား
ကျောင်းသူများသည် ဇွန် ၁၆ ရက်မှစတင်၍ သက်ဆိုင်ရာမြို့နယ် အသီးသီးရှိစာစစ်ဌာန ၁၉၅ ခု၌
ဝင်ရောက်ဖြေဆိုလျက်ရှိရာ ယနေ့တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့တွင် ဓာတုဗေဒဘာသာရပ်နှင့်
ပထဝီဝင်ဘာသာရပ်တို့ကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ ၆၂၇၈၉ ဦး (ဖြေဆိုရာခိုင်နှုန်း
၉၈ ဒသမ ၆၁ ရာခိုင် နှုန်း) ရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနေမှုများကို
နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ကြီးချုပ်များ၊
တိုင်းမှူးများနှင့် ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးကြပြီး
ကျောင်းသား ကျောင်းသူများနှင့် လိုက်ပါပို့ဆောင်ပေးသည့် မိဘအုပ်ထိန်းသူများ အား ရင်းရင်းနှီးနှီး
တွေ့ဆုံအားပေး စကားပြောကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးသည်။
စာမေးပွဲများ ပြန်လည်ကျင်းပနေစဉ်ကာလအတွင်း ကျောင်းသား ကျောင်းသူများ
အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် စာမေးပွဲများကျင်းပနေသည့် မြို့နယ်များအလိုက် တာဝန်ရှိသူများ၊
ကျန်းမာရေး ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များဖြင့်
လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များနှင့် အခြားလိုအပ်သည်များကို စနစ်တကျ စီမံဆောင်ရွက်ထားရှိကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments