အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များအား အိမ်ရှင်အဖြစ် အောင်မြင်စွာလက်ခံကျင်းပနိုင်ရေး ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကျင်းပ
ရန်ကုန် ဇူလိုင် ၂၈
အာရှဘောလုံးအဖွဲ့ချုပ် (AFC) မှ ကြီးမှူးကျင်းပမည့်
ဘောလုံးပြိုင်ပွဲများ၏ ပွဲစဉ်များကို အိမ်ရှင်အဖြစ် အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေး
ပေါင်းစပ်ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ ဝေဇယန္တာလမ်းရှိ
အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏပတ္တမြားခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဒုတိယဥက္ကဋ္ဌ
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထိန်လင်း၊ ရန်ကုန်တိုင်းဒေသကြီး
အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်နှင့်
ဌာနဆိုင်ရာများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့်
ဩဂုတ်လအတွင်း အာရှဘောလုံးအဖွဲ့ချုပ် (AFC) က ကြီးမှူးကျင်းပမည့် ဘောလုံးပြိုင်ပွဲ လေးမျိုးကို
အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်၍ အဆိုပါပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်
လုံခြုံရေး၊ သွားလာနေထိုင် စားသောက်ရေး၊ အုပ်ချုပ်မှုနှင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုများ
မဖြစ်ပေါ်စေရေးတို့ကို သက်ဆိုင်ရာ ဌာနများက အလေးထားဆောင်ရွက်ပေးစေလိုကြောင်း၊ ထို့ပြင်
ပြိုင်ပွဲများ အောင်မြင်စွာ လက်ခံကျင်းပနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊
သက်ဆိုင်ရာဝန်ကြီးဌာနများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့က ဝိုင်းဝန်းကူညီပံ့ပိုးပြီး
ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက
ပြိုင်ပွဲလက်ခံကျင်းပရခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူးက
ပြိုင်ပွဲ ပွဲစဉ်များကို လည်းကောင်း ရှင်းလင်းရာ တက်ရောက်လာကြသူများက သက်ဆိုင်ရာကဏ္ဍအလိုက်
ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments