အရည်အသွေးပြည့်မီသည့် အသား၊ ငါးများ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် မွေးမြူရေးအခြေခံကုန်ထုတ် လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ကွင်းဆင်းဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယမန်နေ့က ညောင်ရွှေ မြို့နယ် ရှမ်းရိုးမမွေးမြူရေးဇုန်
(၁) သို့ သွားရောက်၍ မွေးမြူရေးဇုန် အတွင်း၌ တောင်သူ ၉၄ ဦး မွေးမြူလုပ်ကိုင်လျက်ရှိကြသည့်
ဥစားကြက်အကောင်ရေ ၈၁၆၄၀၀ မှ တစ်ရက်ပျမ်းမျှ ကြက်ဥ ၆၅၀၀၀၀ ကျော် ထွက်ရှိမှု၊ ရှမ်း
(အရှေ့) နှင့် ကယားပြည်နယ်၊ မန္တလေး၊ မကွေး၊ နေပြည်တော်၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးများသို့
ဖြန့်ဖြူးပေးနေမှု၊ မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်မည့် အစီအစဉ်များကို ကြည့်ရှုစစ်ဆေးပြီး
မွေးမြူရေး တောင်သူများနှင့် ဇုန်အလိုက် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေး၊
နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ အောင်မြင်စွာ
အကောင်အထည်ဖော်နိုင်ရေးတို့ကို တွေ့ဆုံဆွေးနွေးသည်။
ယင်းနောက် ညောင်ရွှေမြို့နယ် တောင်ပို့ကျေးရွာရှိ
ဦးလှကျော် ငါးသားဖောက်စခန်း၏ ငွေရောင်ငါးကြင်း၊ ငါးသိုင်းခေါင်းပွ၊ ယိုးဒယားငါးခုံးမ၊
ငါးကြင်းဖြူ၊ မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်းနှင့် ငါးမြစ်ချင်းငါးများ သားဖောက်ထုတ်လုပ်နေမှု၊
မျိုးငါးများ မွေးမြူထားရှိမှုကို လည်းကောင်း၊ တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စုရှိ
ကျောက်နီမွေးမြူရေးဇုန်၌ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)
မှ ဂါလန် ၃၀၀၀ ဆံ့ ရေလှောင်ကန်ပါ ဆိုလာစက်ရေတွင်း ခြောက်တွင်း တူးဖော်ပြီးစီးမှုကိုလည်းကောင်း
ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် မွေးမြူထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေး
အသိပညာပေးဟောပြောပွဲသို့ တက်ရောက်ပြီး နွားမွေးမြူရေးလုပ်ငန်းများမှ နို့နှင့် နို့ထွက်ပစ္စည်းများနှင့်
မွေးမြူရေးကို အခြေခံသည့် ခေတ်မီကုန်ချောထုတ်လုပ်မှု အားကောင်းလာစေရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး
ဆွေးနွေးပြောကြားသည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ဟဲဟိုးမြို့အနီးရှိ
မျိုးချစ်နို့စားနွားမွေးမြူရေးခြံ၏ နို့စားနွားမွေးမြူထားရှိမှု၊ နို့နှင့် နို့ထွက်ပစ္စည်းများ
ထုတ်လုပ်ဖြန့်ဖြူးနေမှုများကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးရေးသုတေသနဦးစီးဌာန ဒေသသုတေသနဗဟိုဌာန
(အောင်ပန်း) ခြံသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီအတွင်း ဆောင်ရွက်လျက်ရှိသည့်
ပဲပုပ်၊ ပြောင်း၊ ယာစပါးသီးနှံများ သုတေသနဆောင်ရွက်နေမှုနှင့် မျိုးအာလူးထုတ်လုပ်နေမှုများကို
ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments