တောင်ဆူဒန်နိုင်ငံ၌ စက်တင်ဘာလတွင် စားရေရိက္ခာဖြတ်တောက်ခံရနိုင်ခြေရှိဟု ဒဗလျူအက်ဖ်ပီ သတိပေး



ဂျူးဘား  ဇူလိုင်  ၂၃

ရန်ပုံငွေအမြန်ဆုံးမရရှိပါက စက်တင်ဘာလတွင် တောင်ဆူဒန်နိုင်ငံသို့ စားရေရိက္ခာထောက်ပံ့ ကူညီမှုဖြတ်တောက်ခံရနိုင်ကြောင်း  ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (ဒဗလျူအက်ဖ်ပီ) က ပြောကြားလိုက်သည်။

ဒဗလျူအက်ဖ်ပီ၏ ထုတ်ပြန်ချက်အရ   ရန်ပုံငွေလိုအပ်ချက် အလွန်အမင်းမြင့်မားနေသောကြောင့် နိုင်ငံတစ်ဝန်း စားရေရိက္ခာ အရေးပေါ်လိုအပ်နေသူ ၂ ဒသမ ၅ သန်းခန့်ကိုသာ ထောက်ပံ့ကူညီ ပေးနိုင်တော့မည်ဖြစ်သည်။

နောက်ထပ်ရန်ပုံငွေများ အမြန်ဆုံးမရရှိပါက စက်တင်ဘာလတွင် စားရေရိက္ခာထောက်ပံ့မှုနှင့် ပံ့ပိုး ကူညီမှုများ ထပ်မံလျှော့ချရမှုကြုံတွေ့ရလာနိုင်ကြောင်း ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် ဒဗလျူအက်ဖ်ပီက နှစ်ကုန်အထိ အရေးပေါ်စားရေရိက္ခာလိုအပ် နေသူ  ၂ ဒသမ ၅ သန်းအတွက် ဆက်လက်ထောက်ပံ့ပေးရန် အမေရိကန်ဒေါ်လာ ၂၇၄ သန်း အရေးတကြီး လိုအပ် ကြောင်း  ပြောကြားပြီးနောက် အဆိုပါထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

လူပေါင်း ၇ ဒသမ ၇ သန်းခန့် သို့မဟုတ်   နိုင်ငံ့လူဦးရေ၏ ၅၇ ရာခိုင်နှုန်းမှာ ငတ်မွတ်ခေါင်းပါးသည့် အခြေအနေနှင့်ရင်ဆိုင်နေကြရပြီး ကလေးငယ်ပေါင်း ၂ ဒသမ ၃ သန်းမှာ မကြုံစဖူး   အာဟာရ ချို့တဲ့မှုအန္တရာယ်နှင့် ကြုံတွေ့နေရကြောင်း  ဒဗလျူအက်ဖ်ပီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆင်ဟွာ

No comments

Powered by Blogger.