ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်အချိန်ကာလအမီပြီးစီးစေရေး ကြိုးပမ်းဆောင်ရွက်
နေပြည်တော် ဇူလိုင် ၂၇
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး
ဒဂုံ(ဆိပ်ကမ်း)မြို့နယ် အမျိုးသားကင်ဆာရောဂါကုသရေးဌာန တည်ဆောက်ရေးလုပ်ငန်းခွင်သို့
သွားရောက်ကြည့်ရှုသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရှစ်ထပ်ကုသဆောင်တည်ဆောက်နေသည့်
လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုပြီး သတ်မှတ်အချိန်ကာလအမီ ပြီးစီးစေရေး အင်အားပြည့်ကြိုးပမ်း
ဆောင်ရွက်ပေးကြရန်၊ အရည်အသွေးပြည့်မီသည့် ပစ္စည်းများအသုံးပြုကြရန်နှင့် လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုဆောင်ရွက်ရန် မှာကြားသည်။
ထို့နောက် ကင်ဆာဓာတ်ရောင်ခြည်ကုသစက်သုံးလုံးဖြင့်
အများပြည်သူရုံးပိတ်ရက်တွင် တာဝန်ထမ်းဆောင်၍ ဓာတ်ရောင်ခြည်ကုသမှု ဆောင်ရွက်လျက်ရှိသည့်
အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများကို တွေ့ဆုံအားပေးစကားပြောကြားသည်။
ယင်းနောက် ငါးထပ်ကုသဆောင်ရှိ အစည်းအဝေးခန်း၌
ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦဦးစီးဌာနမှ အင်ဂျင်နီယာချုပ် ဦးကိုကိုအေးက အမျိုးသားကင်ဆာရောဂါကုသရေးဌာန
တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေး ဆောင်ရွက်မည့်
အစီအစဉ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အစိုးရ အနေဖြင့် အမျိုးသားကင်ဆာရောဂါကုသရေးဌာန
တည်ဆောက်ရေးအတွက် လိုအပ်သောရန်ပုံငွေ များ ခွဲဝေချထားပေးပါကြောင်း၊ ကင်ဆာရောဂါဝေဒနာရှင်များအကျိုးငှာ
သတ်မှတ်ချိန်အတွင်း စီမံကိန်းပြီးစီးရန် အင်အားပြည့်ဆောင်ရွက်စေလိုပါကြောင်း၊ ကုသရေးနှင့်ဆောက်လုပ်ရေးဆိုင်ရာ
အရည်အသွေးများ ကောင်းမွန်စေရေးနှင့် ကင်ဆာရောဂါဝေဒနာရှင်များအနေဖြင့် စိတ်ချမ်းသာ စွာကုသမှုခံယူနိုင်ရေးအတွက်
ဆေးရုံပတ်ဝန်းကျင် သာယာလှပရေးဆောင်ရွက်ရာတွင် မြင်နေကျ ဆေးရုံပတ်ဝန်းကျင်ထက် ပိုမိုသာယာလှပသောပုံစံကို
ဆေးပညာရှင်များ၊ အင်ဂျင်နီယာပညာရှင်များ ပူးပေါင်း၍ ညှိနှိုင်းတိုင်ပင်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း
မှာကြားပြီး တက်ရောက်လာကြသည့် ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ အဆောက်အဦဦးစီးဌာနမှ
တာဝန်ရှိသူများက အဆောက်အအုံ တည်ဆောက်ရေးနှင့် ဆေးရုံပတ်ဝန်းကျင်သာယာလှပရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ
ဆောင်ရွက်ကြသည်။
ထို့နောက် အမျိုးသားကင်ဆာရောဂါကုသရေးဌာန
တာဝန်ခံက အမျိုးသားကင်ဆာရောဂါကုသရေး ဌာန၌ ဓာတ်ရောင်ခြည်ကုသမှုဆောင်ရွက်နေသည့် အခြေအနေကိုတင်ပြပြီး
တက်ရောက် လာကြသည့် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေနှင့်
လိုအပ်ချက်များ တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းပေးသည်။
အမျိုးသားကင်ဆာရောဂါ ကုသရေးဌာနကို နိုင်ငံတော်၏ခွင့်ပြုရန်ပုံငွေကျပ်
၃၂ ဘီလီယံကျော်ဖြင့် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ကာ ရှစ်ထပ်ကုသဆောင်တည်ဆောက်ရေးနှင့်
ဆက်စပ် လုပ်ငန်းများအား ဆောက်လုပ်ရေးဝန်ကြီးဌာန အဆောက်အဦအထူးအဖွဲ့(၁)မှ တာဝန်ယူကာ ဆက်လက်ဆောက်လုပ်လျက်ရှိသည်။
အမျိုးသားကင်ဆာရောဂါကုသရေးဌာနတွင် စုစုပေါင်း စက်သုံးလုံးဖြင့် တစ်ရက်လျှင် ကင်ဆာရောဂါဝေဒနာရှင်
လူနာ ၂၀၀ မှ ၂၅၀ ကျော်အထိ ဓာတ်ရောင်ခြည် ကုသမှုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်

No comments