ဒက္ခိဏသီရိမြို့နယ်အတွင်း နွေစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ
နေပြည်တော် ဇူလိုင်
၂၇
ပြည်ထောင်စုနယ်မြေ
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် တောင်သူ ဦးဇော်လင်း၏ အောင်နိုင်တိုး နွေစပါးစံကွက်ရိတ်သိမ်းပွဲကို
ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်
ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့်
တာဝန်ရှိသူများသည် ဦးဇော်လင်း၏ လယ်ခုနစ်ဧကအတွင်း အောင်နိုင်တိုးနွေစပါးကို ရိတ်သိမ်းခြွေလှေ့စက်ဖြင့်
ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ်
နေပြည်တော်ကောင်စီဝင်က တောင်သူများနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်အတွင်း
စားရေရိက္ခာဖူလုံမှုရှိစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန် မြေပြင်ခြင်းလုပ်ငန်းကို
စနစ်တကျဆောင်ရွက်ရန်၊ မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျ စိုက်ပျိုးရန်နှင့်
သဘာဝမြေဩဇာများကို ကိုယ်တိုင်ပြုလုပ် သုံးစွဲစေလိုကြောင်း၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေး
ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများအား အမှိုက်များ ပိတ်ဆို့မှုမရှိစေရေး
စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့်
တာဝန်ရှိသူများသည် တောင်သူ ဦးဇော်လင်း၏ အောင်နိုင်တိုးနွေစပါး ချိန်တွယ်ခြင်းကို ကြည့်ရှုအားပေးရာ
တစ်ဧကလျှင် အစိုအထွက်နှုန်း ၂၀၅ တင်း၊ အခြောက်အထွက်နှုန်း ၁၈၂ ဒသမ ၄၅ တင်း ထွက်ရှိကြောင်း
သိရသည်။
အောင်သူရဦး(ဒက္ခိဏ)

No comments