ပြည်တွင်းထုတ်ကုန်များအားပေး အမည်သစ်များတိုးတက်ထုတ်လုပ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်တိုးမြှင့်ရေး” စီးပွားရေး ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ MSME လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ပံ့ပိုးကူညီ ချိတ်ဆက်ဆောင်ရွက်ပေးပြီး ပြည်တွင်းထုတ်ကုန်များ အားပေးမြှင့်တင်ရေး၊ သွင်းကုန် အစားထိုးရေးနှင့် အမည်(မယ်)သစ်ပို့ကုန်ရရှိရေးကို ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။
MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ငွေကြေးအရင်းအနှီးများ စိစစ်ပံ့ပိုးပေးနိုင်ရေးနှင့် အခြား လိုအပ်ချက်များဖြစ်သည့်
ပြည်ပဈေးကွက်ကို ချိတ်ဆက်ပေးပြီး ဈေးကွက်ခိုင်မာစွာရရှိရေး၊ လိုအပ်သည့်နည်းပညာနှင့်
လူသားအရင်းအမြစ်များရရှိရေးတို့ကို နိုင်ငံတော်အစိုးရက ဆောင်ရွက် ပေးလျက ရှိသည်။
MSME ချေးငွေအဖြစ် ငွေကျပ် ဘီလီယံ ၁၇၀ အနက် ဘီလီယံ ၁၅၀ ကို MSME ချေးငွေအဖြစ် ထုတ်ချေးပေးလျက်ရှိပြီး
ဘီလီယံ ၂၀ ကို MSME လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများတွင် အသုံးပြုဆောင်ရွက်လျက်ရှိသည်။
ယခုအခါ ပုဂ္ဂလိက ဘဏ် ၁၈ ဘဏ်က MSME ချေးငွေများကို လုပ်ငန်းများ ယခုထက်ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက်
နိုင်ငံ့အကျိုးကိုရှေးရှုပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
နည်းပညာနှင့် လူသားအရင်းအမြစ်များရရှိရေးကို
စက်မှုဝန်ကြီးဌာနနှင့် အေဂျင်စီများပူးပေါင်း၍ ဖွင့်လှစ်သင်ကြားပေးသည့် နည်းပညာသင်တန်းများနှင့်
ဆွေးနွေးပွဲများ၊ ဝန်ကြီးဌာနအလိုက် ဖွင့်လှစ်သည့် MSME ဆိုင်ရာသင်တန်းများ၊ အနာဂတ်တွင်
ကုန်ထုတ်လုပ်ငန်းများကို ထဲထဲဝင်ဝင် သိရှိပြီး ရေရှည်ရပ်တည်နိုင်ရန် KG+9 အောင်မြင်ပြီးသူများအတွက်
စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်း ကျောင်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ် ဖြစ်သည့်အတွက် ပြည်တွင်း/ပြည်ပတွင် အွန်လိုင်းစနစ်ဖြင့်
အရောင်းအဝယ်များ ပြုလုပ်နေကြသည်။ ထို့ကြောင့် အွန်လိုင်းစနစ်ဖြင့် ဈေးကွက်ကို ချိတ်ဆက်ကြရမည်ဖြစ်သည်။
ပြည်ပနှင့် ဈေးကွက် ချိတ်ဆက်ရေးကို MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းကော်မတီနှင့်
အေဂျင်စီများက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
ထို့ကြောင့် MSME လုပ်ငန်းရှင်များအနေဖြင့်
မိမိတို့၏ထုတ်ကုန်များကို ပြည်ပသို့တင်ပို့နိုင်သည့် အရည်အသွေးမီ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ်
ထုတ်လုပ်ပြီး ဈေးကွက်ချိတ်ဆက်ရေးကို ဆောင်ရွက်ရမည်ဖြစ်သည်။ ယခင်ကာလက ကျင်းပခဲ့သည့်
MSME ပြပွဲနှင့်ပြိုင်ပွဲများတွင်လည်း One Stop Service ဖြင့် ပြည်ပပို့ကုန် တင်ပို့လိုသည့်လုပ်ငန်းရှင်များကို
မြန်မာနိုင်ငံ၏ စီးပွားရေး သံမှူးများမှတစ်ဆင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့သည်။ ချိတ်ဆက်မှုများအရ
ပို့ကုန်ပေးပို့မှုအပေါ် နိုင်ငံတကာကုမ္ပဏီများ၊ လုပ်ငန်းကိစ္စဘဏ်များနှင့် ချိတ်ဆက်ရသည့်ကိစ္စရပ်များ၌
အင်တာနက် ဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်နည်းပညာရပ်များ၊ စီးပွားရေးဆိုင်ရာ အသုံးချရယူရမည့်
နည်းပညာပိုင်းများကို မဖြစ်မနေ ကျွမ်းကျင်စွာတတ်မြောက် ထားရန်လိုသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့်
အမျိုးသားရေးရည်မှန်းချက် (၂) ရပ်ဖြစ်သည့် “တိုင်းပြည် သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး”တို့ကို စီးပွားရေးဦးတည်ချက်များနှင့် ချိတ်ဆက်
အကောင်အထည်ဖော်လျက်ရှိသည်။ MSME စီးပွားရေးလုပ်ငန်းများကို ပြည်တွင်းထုတ်ကုန် အားပေးမြှင့်တင်ရေး၊
သွင်းကုန်အစားထိုးရေးနှင့် အမည် (မယ်) သစ် ပို့ကုန်ရရှိရေးဟူသည့် ရည်ရွယ်ချက်များဖြင့်
အလေးပေးဆောင်ရွက်ရန်နှင့် MSME လုပ်ငန်းများကို ပိုမိုအားပေး မြှင့်တင်နိုင်ရန်အတွက်
မူဝါဒပိုင်းဆိုင်ရာများ၊ နည်းပညာပိုင်းဆိုင်ရာများနှင့် ငွေကြေးအရင်းအနှီးများ ပံ့ပိုးဆောင်ရွက်ပေးပြီး
စီးပွားရေးဝန်းကျင်ကောင်းများကို ဖန်တီးပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်များ
ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက်၊ ထုတ်ကုန်အမျိုးအစားအလိုက် တူညီသည့် အမျိုးအစားထုတ်ကုန်များကို
စုစည်းနိုင်မှသာ တစ်နိုင်ငံလုံး တစ်နှစ် ထွက်ရှိနိုင်သည့် ပမာဏကို ရရှိနိုင်မည်ဖြစ်သည်။
သို့မှသာ ပို့ကုန်အမည်(မယ်)များအလိုက်
နိုင်ငံတကာဈေးကွက်မှ သတ်မှတ်လိုအပ်ချက်များနှင့် ကိုက်ညီစေရေး စီစဉ်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး
စနစ်တကျ ဆောင်ရွက်ခြင်းအားဖြင့် နိုင်ငံတကာ ဈေးကွက်တွင် ယုံကြည်မှုရှိသည့် ဈေးကွက်နှင့် ဖောက်သည်အဖြစ် ဖန်တီးနိုင်မည်ဖြစ်ရာ
MSME လုပ်ငန်းများကို နိုင်ငံတော်နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ပံ့ပိုးကူညီပေးပြီး
အရည်အသွေး ကောင်းမွန်သည့် ထုတ်ကုန်များကို ထုတ်လုပ်နိုင်သော ခေတ်မီစနစ်ကျနပြီး ပိုမိုဖွံ့ဖြိုးတိုးတက်သည့်
MSME စီးပွားရေးလုပ်ငန်းများ ဖြစ်ပေါ်လာစေရန်အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်
ဖြစ်ပါကြောင်း။
ကြေးမုံ

No comments