အစိမ်းရောင်တံတိုင်းများ ထူထောင်ရာတွင် ပြည်သူများလည်း တစ်တပ်တစ်အားပါဝင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၂၃၃၇၀ ရှိသော နယ်မြေကို “ခိုကျွန်းဒီရေတော ကြိုးပြင်ကာကွယ်တော”အဖြစ် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်မှစ၍ သတ်မှတ်လိုက်သည်။ သို့ဖြစ်ရာ ကမ္ဘာ့ဒီရေတော ဧရိယာစုစုပေါင်း၏ ၃ ဒသမ ၃ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသော မြန်မာနိုင်ငံအနေဖြင့် ဒီရေတော များ ကာကွယ်စောင့်ရှောက်မှုကို ထပ်မံတိုးချဲ့လိုက်ခြင်းပင် ဖြစ်သည်။
ဒီရေတောများသည် ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်တွင်
အလွန်အရေးပါသည့်ကဏ္ဍမှ ပါဝင်လျက် ရှိသည်။ မှန်လုံအိမ် ဓာတ်ငွေ့ဖြစ်သော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ကို
ဒီရေတောများက စုပ်ယူနိုင်မှုမှာ အခြားသစ်တောအမျိုးအစား များထက် ၅ ဆမှ ၁၀ ဆခန့်အထိ ပိုမိုသည်။
သို့ဖြစ်ရာ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချနိုင်ရေးအတွက် ဒီရေတောများ တည်ရှိ နေရန်
လိုအပ်သည်။ ထို့အပြင် ဒီရေတောများသည် လှိုင်းဒဏ်ကြောင့် ကမ်းပြိုမှုများကို ကာကွယ်ပေးနိုင်ပြီး
မုန်တိုင်းနှင့် ဆူနာမီလှိုင်း ရိုက်ခတ်မှုများကိုလည်း အကာအကွယ်ပေးနိုင်သည်။
ထို့အပြင် ဒီရေတောများသည် ရေချိုရေငန်ငါးပုစွန်များ
ကျက်စားသည့်နေရာ၊ မျိုးပွားသည့် နေရာများ ဖြစ်ပြီး သားငှက်တိရစ္ဆာန်များနှင့် တွားသွားသတ္တဝါများလည်း
ဒီရေတောများအတွင်း ရှင်သန် ကျက်စားကြသည်။ ပင်လယ်ကမ်းစပ်ကမ်းဦး ရေတိမ်ပိုင်းကမ်းတက်မြေများတွင်
သဘာဝအလျောက် ပေါက်ရောက်ရှင်သန်နေကြသည့် ဒီရေတောများအတွင်း လမု၊ ဓနိ၊ ကနစို၊ ဗြူး၊ ဗြူးခြေထောက်၊
မဒမ၊ ပင်လယ်အုန်း စသည့် အပင်များပေါက်ရောက်ကြသည်။ ကမ်းရိုးတန်းဒေသနေ ပြည်သူ များအတွင်း
ဒီရေတောများကို အမှီပြု၍ အသက်မွေးဝမ်းကျောင်း ပြုနေကြရသူများလည်းရှိရာ ဒီရေတောများ
ရေရှည် တည်တံ့ရေးသည် သဘာဝပတ်ဝန်းကျင်များ ကောင်းမွန်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးနှင့်
ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးရေးတို့အတွက် အရေးကြီးသည်။
မြန်မာနိုင်ငံသည် ဒီရေတောပိုင်ဆိုင်မှုတွင်
ကမ္ဘာ့သတ္တမမြောက် အများဆုံး၊ အာရှတွင် တတိယမြောက် အများဆုံးနိုင်ငံ ဖြစ်သည်။ ကီလိုမီတာ
၃၀၀၀ ခန့် ရှည်လျားသည့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် ရခိုင်၊ ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့်
တနင်္သာရီကမ်းရိုးတန်းတို့တွင် ဒီရေတောများကို တွေ့ရှိနိုင် သည်။ မြန်မာနိုင်ငံက ပိုင်ဆိုင်သည့်
ဒီရေတောများမှာ ဧရိယာ ဧက ၁ ဒသမ ၂၄ သန်းကျော် (ဟက်တာ ၅ သိန်းကျော်) ရှိသည်။ ကမ္ဘာပေါ်တွင်
ဒီရေတောများသည် အပူပိုင်းဒေသများနှင့်အပူ သမပိုင်း ကမ်းရိုးတန်းဒေသများတွင် ပေါက်ရောက်လျက်ရှိရာ
လူသားတို့ကြောင့် လျင်မြန်စွာပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိသည်။ ဒီရေတောများကို
ခုတ်ထွင်ရှင်းလင်း၍ ဆိပ်ကမ်းများ၊ သင်္ဘောကျင်းများ၊ စက်မှုဇုန်များ တည်ဆောက်ခြင်း၊
ရေထွက် ပစ္စည်းစက်ရုံများ၊ အပန်းဖြေစခန်းများနှင့် လူနေအိမ်ရာများ စသည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ
ဆောင်ရွက်ခြင်း၊ လယ်ကွင်း၊ ဆားကွင်း များဖော်ခြင်း၊ ပုစွန်ကန်၊ ငါးကန်များတူးခြင်း
စသည်တို့ကြောင့် ဒီရေတောဧရိယာများ တစ်စတစ်စလျော့နည်း ကျဆင်း လာရသည်။ သာမန်အားဖြင့်ကြည့်ပါက
ဒီရေတောများသည် သစ်ကောင်း ဝါးကောင်းများ မရှိသည့် တန်ဖိုးနိမ့် တောများအဖြစ် ယူဆရသော်လည်း
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ရှုထောင့်မှ ကြည့်ပါက လွန်စွာတန်ဖိုးကြီးမားသည်ကို တွေ့ရှိနိုင်သည်။
၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ကဒုံကနိကြိုးဝိုင်းနှင့် မိန်းမလှကျွန်းတို့မှ
ဒီရေတောတို့၏ အကာအကွယ်ကို ရရှိခဲ့သည့် ကျေးရွာများမှာ လူအသေအပျောက်နှင့်အိုးအိမ်ပျက်စီးမှု
လွန်စွာနည်းခဲ့သည်။ သို့ဖြစ်ရာ လူတို့ခုတ်ထွင် အသုံးချမှုများကြောင့် လျင်မြန်စွာ ပျက်စီးပျောက်ကွယ်နေသည့်
ဒီရေတောများကို ပြည်သူလူထု ပါဝင်မှုဖြင့် ထိန်းသိမ်းရန်လိုအပ်လျက်ရှိသည်။
ဒီရေတောများ ပြန်လည်ထူထောင်ရေးတွင်
လူထုအခြေပြု ဒီရေတောများ စိုက်ပျိုးခြင်း၊ ဒေသခံအစုအဖွဲ့ပိုင် သစ်တောများ ထူထောင်ခြင်း၊
အစိမ်းရောင်တံတိုင်း (Green Belt) များကို လူထုပါဝင် ပူးပေါင်းမှုဖြင့် ထူထောင်ခြင်းနည်းလမ်းများဖြင့်
ဆောင်ရွက်သွားကြရမည် ဖြစ်သည့် အလျောက် ဒီရေတောများနှင့် ဆက်စပ်ရာ ဒေသခံပြည်သူများအားလုံး
ဒီရေတောဂေဟ စနစ် ကာကွယ်ထိန်းသိမ်းရာတွင် ပူးပေါင်းပါဝင်ကြရပါမည့် အကြောင်း။
မြန်မာ့အလင်း

No comments