ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ အယ်ဟီလယ်က မန်စီးတီးကိုနိုင်ပြီး ကွာတားဖိုင်နယ်တက်ရောက်



ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်မှ ဇူလိုင် ၁ ရက်  နံနက် ၇ နာရီခွဲက ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီးတီးနှင့်   ဆော်ဒီအာရေဗျကလပ် အယ်ဟီလယ်အသင်းပွဲစဉ်တွင်     အယ်ဟီလယ်အသင်းက အကြိတ်အနယ်ကစားပြီး လေးဂိုး-သုံးဂိုးဖြင့် နိုင်ပွဲရရှိကာ ကွာတားဖိုင်နယ်သို့   ထိုက်ထိုက်တန်တန် တက်လှမ်းနိုင်ခဲ့သည်။

မန်စီးတီးအသင်းသည် ပွဲအစပိုင်းမိနစ်များတွင် ပြိုင်ဘက် အယ်ဟီလယ်အသင်းကို တစ်ဖက်သတ် ဖိအားပေးကစားနိုင်ခဲ့သည်။ သို့သော်လည်း ပြိုင်ဘက် အယ်ဟီလယ်အသင်း၏ ထိုးဖောက်တိုက်စစ် ဆင်မှုများကို ခုခံကာကွယ်ခဲ့ရသည်။ နှစ်ဖက်သွင်းဂိုးပေါင်း ခုနစ်ဂိုးရှိသည်အထိ ပြိုင်ဆိုင်မှုပြင်းထန် ခဲ့သည်။

အဆိုပါ    ပွဲစဉ်မှာ   သာမန်ပွဲကစားချိန်အတွင်း တစ်ဖက်နှစ်ဂိုးစီ  သရေကျနေ၍   အချိန်ပို မိနစ် ၃၀  ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ရသည်။ အယ်ဟီလယ်အသင်းအတွက် အနိုင်သေချာစေမည့် စတုတ္ထဂိုး ကို ပွဲကစားချိန် ၁၁၂ မိနစ်တွင် မားကို့စ်လီယိုနာဒိုက သွင်းယူပေးခဲ့သည်။ မန်စီးတီးကို အနိုင်ယူ ကျော်ဖြတ်နိုင်ခဲ့သော အယ်ဟီလယ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်တွင် ဘရာဇီးကလပ် ဖလူမီးနိစ်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ဖလူမီးနိစ်အသင်းသည် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ၁၆ သင်းအဆင့်တွင် နာမည်ကြီး အင်တာမီလန်အသင်းကို နှစ်ဂိုးပြတ် အနိုင်ရရှိကာ ကွာတားဖိုင်နယ်သို့ တက်လှမ်းလာသည့်အသင်းဖြစ်သည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များတွင် ဖလူမီးနိစ်က အယ်ဟီလယ်၊ ပါးမီးယပ်စ်က ချယ်ဆီး၊ ပီအက်စ်ဂျီက ဘိုင်ယန်မြူးနစ်၊ ရီးရဲမက်ဒရစ်နှင့် ဂျူဗင်တပ်စ်အသင်းတို့ထဲမှ အနိုင်ရရှိမည့် အသင်းက    ဒေါ့မွန်နှင့်   မွန်တာရေးအသင်းတို့ထဲမှ   အနိုင်ရရှိမည့်အသင်းနှင့်     ယှဉ်ပြိုင်ကစား သွားရမည်ဖြစ်သည်။             

အောင်ဇော်

No comments

Powered by Blogger.