မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုဖြစ်ပွားခဲ့သည့် မိုင်းပေါက်မြို့ရှိ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်
နေပြည်တော် ဇူလိုင် ၂၃
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပေါက်မြို့နယ်အတွင်း
ဇူလိုင် ၂၁ ရက်နှင့် ၂၂ ရက်တို့တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မိုင်းပေါက်
- ပန်ဆန်းသွားကားလမ်းနှင့် မိုင်းဖျန် - ဟိုတောင်း - မိုင်းပေါက်သွားကားလမ်းပေါ်တွင်
တောင်ပြိုကျမှုများ ဖြစ်ပွားခြင်း၊ မိုင်းပေါက်မြို့အဝင် ကတ္တရာလမ်းပိုင်း၌ ရေသုံးပေခန့်
ဖုံးလွှမ်းခြင်း၊ မိုင်းပေါက်မြို့ပေါ်အတွင်းရှိ အနိမ့်ပိုင်းနေရာများ၌ ရေခုနစ်ပေခန့်
ဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သဖြင့် ဒေသခံပြည်သူနှစ်ဦး သေဆုံးခဲ့ပြီး နေအိမ်အချို့နှင့်
မော်တော်ယာဉ်များ ရေနစ်မြုပ်မှုဖြစ်ပွားကာ ပြည်သူအချို့အား ရေဘေးလွတ်ကင်းရာသို့ ယာယီပြောင်းရွှေ့ခဲ့ရသည်။
အဆိုပါ ရေဘေးသင့်ပြည်သူများအား လူမှုဝန်ထမ်း၊
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ
ကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးပစ္စည်းများအား ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံမြို့သို့
တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိလာရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက
သွားရောက်ကြိုဆို၍ ကျိုင်းတုံတပ်နယ်မှ တပ်မတော်သားများက ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပို့ဆောင်မည့်
မော်တော်ယာဉ်များပေါ်သို့ လွှဲပြောင်းတင်ဆောင်ပေးကြသည်။
ထို့နောက် ထောက်ပံ့ရေးပစ္စည်းများ သွားရောက်ပို့ဆောင်မည့်ယာဉ်များ၌
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိပ်ရာလိပ်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများအပါအဝင်
ထောက်ပံ့ရေးပစ္စည်း ၁၆ မျိုး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ် ၁၀၀ အပါအဝင် ထောက်ပံ့ရေးပစ္စည်းလေးမျိုး၊
တြိဂံဒေသတိုင်းစစ်ဌာန ချုပ်မှ ဆန်အိတ် ၁၀၀ အပါအဝင် ထောက်ပံ့ရေးပစ္စည်း နှစ်မျိုး စုစုပေါင်း
၂၂ မျိုးပါဝင်ပြီး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ၊ နယ်မြေခံတပ်မတော်သားများ၊
ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းခရိုင်မှ
ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုင်းပေါက်မြို့သို့ ဆက်လက်ထွက်ခွာကြသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို တိုင်းမှူးနှင့်
တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးပြီး
လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments