လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ
၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၁:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) ယနေ့မြန်မာစံတော်ချိန်
၀၉:၃၀ နာရီအချိန် တိုင်းထွာချက်များအရ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများကို ဖြတ်ကျော်ခဲ့သော
လေပွေလှိုင်းသည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းသို့
ရောက်ရှိကာ ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုအဖြစ်သို့
ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး၊
ပိုမိုအားကောင်းလာနိုင်ကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော
အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းဆီသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏
အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားကောင်းရာမှ
အားအလွန်ကောင်းနေခြင်းကြောင့် လည်းကောင်း၊ ယနေ့နံနက်မှ ၂၈-၇-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊
ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊
ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ
နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးမည်။
(ဂ) မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်
ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းအလွန်ကြီးမည်။
မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
လှိုင်းအမြင့်မှာ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင်
၁၄ ပေမှ ၁၆ ပေခန့် ရှိနိုင် ပါသည်။
အကြုံပြုချက်
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ
လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊
လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့်
အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊
မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို
ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေး၊ လေကြောင်းပျံသန်းရေးနှင့်
ဆည်မြောင်းတာတမံများအနေဖြင့် လိုအပ်သည်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားနိုင်ပါရန်
သတိပေးနှိုးဆော်အပ်ပါသည်။
Crd> မိုး/ဇလ

No comments