ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး
ပျဉ်းမနား ဇူလိုင် ၆
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး
ရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ
ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့်
တာဝန်ရှိသူများသည် ဇီးဖြူပင်ကျေးရွာအုပ်စု သစ်ဆိမ့်ပင်ကျေးရွာ အဆင့်မြင့်လယ်ယာသို့
ရောက်ရှိရာ စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက မြို့နယ်အတွင်း ပေါ်ဆန်းစပါး စိုက်ပျိုးထားရှိမှု
အခြေအနေများနှင့် ယနေ့တွင် တောင်သူ ဦးသန်းဇော်ဦး၏ နွေစပါးရိတ်သိမ်းနေသည့် အခြေအနေများကို
ရှင်းလင်းတင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍
နေပြည်တော်ကောင်စီဝင်က တောင်သူများကို ဝင်ငွေရလမ်း ပိုမိုရရှိစေရန်၊ ရာသီပေါ် သီးနှံများစိုက်ပျိုးကြရန်၊
စိုက်ပျိုးရေ လုံလောက်စွာရရှိရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများကို ဆောင်ရွက်ပေးမည့်
အခြေအနေများကိုပြောကြားပြီး ပေါ်ဆန်းစပါး ရိတ်သိမ်းနေမှု၊ ရိတ်သိမ်းပြီးစပါးများ ချိန်တွယ်နေမှုများကို
ကြည့်ရှုအားပေးသည်။
ဆက်လက်၍ နေပြည်တော် ကောင်စီဝင်သည် နှမ်းတောကျေးရွာရှိ
တောင်သူများနှင့် တွေ့ဆုံပြီး ပြောင်းနှင့် နှမ်း စိုက်ပျိုးထားရှိမှု အခြေအနေများကို
ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် နေပြည်တော် ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည်
နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပပြုလုပ်သည့် နေပြည်တော်/ ခရိုင်/ မြို့နယ်
စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှု ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာ
စကားပြောကြားသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများက
သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်း တင်ပြကြရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက
တင်ပြချက်များအပေါ်လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)
No comments