မြန်မာသံတမန်သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ခြင်းအခမ်းအနားနှင့် သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနား ကျင်းပ
နေပြည်တော် ဇူလိုင် ၂၈
မြန်မာသံတမန်သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်ခြင်းနှင့်
သံတမန်ရေးရာဘွဲ့လွန် ဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်
၉ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန လောကနတ်ခန်းမနှင့် မြန်မာသံတမန်သင်တန်းကျောင်းတို့၌
ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ
တက်ရောက်အဖွင့်အမှာစကား ပြောကြားသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်
ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး
ဦးကိုကိုလှိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးလွင်ဦးနှင့် ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဝင်
ဦးကျော်မျိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊
ရန်ကုန်မြို့ အခြေစိုက်သံရုံးများမှ သံအမတ်ကြီးများနှင့် သံရုံးအကြီးအကဲများ၊ မြန်မာသံတမန်
သင်တန်းကျောင်း အတိုင်ပင်ခံပညာရှင်များအဖွဲ့နှင့် သင်ကြားရေးအဖွဲ့ အဖွဲ့ဝင်များ၊
Naypyitaw State Academy ခေတ္တပါမောက္ခချုပ်နှင့် ဘာသာရပ်ဆိုင်ရာ သင်ကြားရေးအဖွဲ့ဝင်များ၊
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာ အမှတ်စဉ် (၁/၂၀၂၅) နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့မှ
သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးချုပ်နှင့်
ပြည်ထောင်စုဝန်ကြီးက မြန်မာသံတမန်သင်တန်းကျောင်း ဖွင့်လှစ်နိုင်ခြင်းသည် နိုင်ငံခြားရေးဝန်ကြီးဌာနအတွက်
သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့သည် သာမက အနာဂတ်မြန်မာနိုင်ငံ၏ နိုင်ငံတကာဆက်ဆံရေးအတွက်
ကြီးမားသော ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်ကြောင်း၊ သံတမန်ရေးရာပညာရပ် (Diplomacy)
သည် ငြိမ်းချမ်းရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခုဖြစ်သည့်အပြင်
စဉ်ဆက်မပြတ် လေ့လာနေရန် (Life Long Learning) လိုအပ်ကြောင်း။
၂၀၀၀ ပြည့်နှစ်မတိုင်မီအထိ မြန်မာနိုင်ငံတွင်
Diplomacy နှင့်ပတ်သက်၍ သင်ကြားလေ့ကျင့် ပေးသော ကျောင်း၊ တက္ကသိုလ်များ မရှိခဲ့သဖြင့်
မြန်မာသံတမန်များကို on-job training ဖြင့်သာ လေ့ကျင့် သင်ကြားပေးခဲ့ရကြောင်း၊ အဆိုပါဘာသာရပ်၏
အရေးပါမှုကို သိမြင်လာသည်နှင့်အမျှ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် ၂၀၀၀ ပြည့်နှစ်မှစ၍
အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်း (Basic Diplomatic Skills-BDS) နှင့် အဆင့်မြင့်သံတမန်ရေးရာကျွမ်းကျင်မှုသင်တန်း
Enhanced Diplomatic Skills (EDS) များ ဖွင့်လှစ်၍ မြန်မာသံတမန်များကို သာမက ပြင်ပလူငယ်များကိုပါ
လေ့ကျင့်သင်ကြားပေးခဲ့ရာ လက်ရှိအချိန်အထိ မြန်မာလူငယ် ၈၀၀၀ ကျော်ခန့်ကို လေ့ကျင့်သင်ကြားပေးနိုင်ခဲ့ပြီဖြစ်ကြောင်း။
နိုင်ငံခြားရေးဝန်ကြီးဌာနသည် သံတမန်ရေးရာဘာသာရပ်များကို
လေ့ကျင့်သင်ကြားပို့ချနိုင် ရေးအတွက် မြန်မာသံတမန်သင်တန်းကျောင်း တည်ထောင်ဖွင့်လှစ်နိုင်ရန်
၂၀၁၃ ခုနှစ်က တည်းက စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာသံတမန်သင်တန်းကျောင်း
အတိုင်ပင်ခံ ပညာရှင်များအဖွဲ့နှင့် သင်ကြားရေးအဖွဲ့တို့ကို ဖွဲ့စည်း၍ ညှိနှိုင်းဆွေးနွေးမှုများနှင့်
အလုပ်ရုံ ဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ ပြည်ပနိုင်ငံများမှ သံတမန်သင်တန်းကျောင်းများသို့
လေ့လာ ရေးခရီးစဉ်များ စေလွှတ်ခြင်းစသည်ဖြင့် အဆင့်ဆင့်ဆောင်ရွက်ခဲ့ကြောင်း၊ မြန်မာသံတမန်
သင်တန်းကျောင်း၌ ကနဦးတွင် သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းများကို စတင်ဖွင့်လှစ်
သွားမည်ဖြစ်ပြီး နောင်တွင် B.A (Diplomacy)နှင့် M.A (Dip-lomacy) ဘွဲ့များ စသည်ဖြင့်
အဆင့်ဆင့်ပေးအပ်သွားနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
မြန်မာသံတမန်သင်တန်းကျောင်း ပေါ်ထွန်းလာရေးအတွက်
တစိုက်မတ်မတ် ဝိုင်းဝန်းဆောင်ရွက် ပေးခဲ့သော မြန်မာအငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊
တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခ၊ ဌာနမှူးများ၊ MDA အတိုင်ပင်ခံပညာရှင်များအဖွဲ့
အဖွဲ့ဝင်များအား အသိအမှတ်ပြုကျေးဇူးတင်ရှိကြောင်း၊ နိုင်ငံတကာသံတမန်များ၏ အတွေ့ အကြုံနှင့်
ကျွမ်းကျင်မှု အထူးအရေးကြီးသည့်အတွက် မြန်မာနိုင်ငံအခြေစိုက် သံရုံးများမှ သံအမတ်ကြီးများနှင့်
သံတမန်များ ကလည်း လာရောက်ကူညီပို့ချဆွေးနွေးပေးရန်နှင့် သင်တန်းကျောင်းအတွက် လိုအပ်သည့်
သင်ကြားမှုအထောက်အကူပြုပစ္စည်းများနှင့် စာအုပ်စာတမ်းများ ကူညီထောက်ပံ့ပေးရန် ကြိုဆိုဖိတ်ခေါ်ကြောင်း၊
မြန်မာသံတမန်သင်တန်းကျောင်းသည် လက်ရှိကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်သော
သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းရန်နှင့် မြန်မာသံတမန်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်
ခြေလှမ်းသစ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာသံတမန် သင်တန်းကျောင်းထူထောင်ခြင်းဆိုင်ရာ
မှတ်တမ်းဗီဒီယိုကို ပြသသည်။
ယင်းနောက် ဒုတိယပိုင်းအစီအစဉ်ကို မြန်မာသံတမန်သင်တန်းကျောင်းအဆောက်အအုံ၌
ဆက်လက် ကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး
ကောင်စီအဖွဲ့ဝင် ဦးဝဏ္ဏမောင်လွင်၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ဒေါက်တာညွန့်ဖေတို့က
မြန်မာသံတမန်သင်တန်းကျောင်းကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပေးကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည်
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာ သင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းသား သင်တန်းသူများအား
“မြန်မာနိုင်ငံ၏ နိုင်ငံခြားရေး မူဝါဒ အကောင်အထည်ဖော်ခြင်း”
ခေါင်းစဉ်ဖြင့် သင်ခန်းစာ ပို့ချသည်။
သံတမန်ရေးရာဘွဲ့လွန်ဒီပလိုမာသင်တန်း
အမှတ်စဉ် (၁/၂၀၂၅) သည် မြန်မာသံတမန် သင်တန်းကျောင်းနှင့် Naypyitaw State Academy တို့
ပူးပေါင်း၍ ဖွင့်လှစ်သည့် သင်တန်းဖြစ်ပြီး သင်တန်းကာလမှာ လေးလကြာမြင့်သော ပညာသင်နှစ်ဝက်
နှစ်ခု၊ စုစုပေါင်းသင်တန်းကာလ ရှစ်လအတွင်း သံတမန်ရေးရာများ၊ နိုင်ငံတကာဆက်ဆံရေးများ၊
နိုင်ငံခြားရေးမူဝါဒများ၊ နိုင်ငံတကာ အဖွဲ့အစည်းဆိုင်ရာများ၊ အပြည်ပြည်ဆိုင်ရာဥပဒေများနှင့်
မျက်မှောက်ခေတ် နိုင်ငံတကာရေးရာ ဘာသာရပ်များကို ပို့ချသွားမည်ဖြစ်သည်။
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်းသို့
အစိုးရအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာနများမှ အရာထမ်း၊ အမှုထမ်းများ၊ ပုဂ္ဂလိကကဏ္ဍမှ
စိတ်ပါဝင်စားသူများ တက်ရောက်လျက်ရှိရာ နေပြည်တော်တန်းခွဲ၌ သင်တန်းသား သင်တန်းသူ ၆၂
ဦး၊ ရန်ကုန် တန်းခွဲ၌ သင်တန်းသား သင်တန်းသူ ၅၁ ဦး စုစုပေါင်း ၁၁၃ ဦး တက်ရောက်ကြမည်ဖြစ်ပြီး
သင်တန်းကာလအတွင်း ဘာသာရပ်ဆိုင်ရာ သင်ခန်းစာများပို့ချခြင်း၊ ဆန်းစစ်ဆွေးနွေးခြင်း၊
လက်တွေ့လေ့ကျင့်ခန်းများ ပြုလုပ်ခြင်းများအပါအဝင် အဖွဲ့လိုက်စာတမ်းရေးသားတင်ပြခြင်းတို့ဖြင့်
စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments