ဒုတိယဝန်ကြီး ဦးကိုကိုကျော် တီမောလက်စ်တေသံရုံးမှ သံရုံးယာယီတာဝန်ခံအား လက်ခံတွေ့ဆုံ


နေပြည်တော် ဇူလိုင် ၂၄

 

နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်သည် ရန်ကုန်မြို့အခြေစိုက် တီမော လက်စ်တေ သံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr. Olandino Ruide Andrade အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီး ဌာန၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် တီမောလက်စ်တေ သံရုံးယာယီတာဝန်ခံက တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပါအဝင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံးနှင့် ကောင်းမွန်သော ဆက်ဆံရေးထူထောင်လိုပါကြောင်း၊ တီမောလက်စ်တေနိုင်ငံမှ အာဆီယံသို့ အဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံအဖွဲ့ဝင် နိုင်ငံအားလုံး၏ အားပေးထောက်ခံမှုကို ရရှိလိုပါကြောင်း၊ တီမောလက်စ်တေနိုင်ငံ အနေဖြင့် အာဆီယံပဋိညာဉ် စာတမ်းပါပြဋ္ဌာန်းချက်များ အားလုံးကို လေးစားလိုက်နာသွား မည်ဖြစ်ပါကြောင်း ထပ်လောင်း အတည်ပြုပြောကြားသည်။ ထို့ပြင် တီမောလက်စ်တေသံရုံး ယာယီတာဝန်ခံက မြန်မာနိုင်ငံနှင့် တီမောလက်စ်တေနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ရန်အတွက် ၎င်းတို့အနေ ဖြင့် ဆန္ဒရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တီမောလက်စ်တေနိုင်ငံ ၏ မြို့တော် ဒီလီ၌ သံရုံးလာရောက် ဖွင့်လှစ်စေလိုပါကြောင်း မေတ္တာရပ်ခံပြောကြားသည်။

 

ဒုတိယဝန်ကြီးက တီမောလက်စ်တေနိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးမြှင့်ရန် ဆန္ဒရှိမှုကို သိရှိရသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊ တီမောလက်စ်တေ နိုင်ငံခြားရေး ဝန်ကြီးအနေဖြင့် မြန်မာနိုင်ငံသို့ လာရောက်ရန်ဆန္ဒရှိသည်ဟု သိရှိရပါကြောင်း၊ မြန်မာနိုင်ငံသည် မိမိတို့၏ နိုင်ငံခြားရေးမူဝါဒနှင့်အညီ အာဆီယံအသိုက်အဝန်း ထူထောင်ရေး လုပ်ငန်းများနှင့် အာဆီယံ ဥက္ကဋ္ဌ၏ ဦးဆောင် ဦးရွက်ပြုမှုများကို တက်ကြွစွာလိုက်ပါဆောင်ရွက်လျက် ရှိပါကြောင်း၊ တီမောလက်စ်တေနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် အာဆီယံပဋိညာဉ်နှင့်အညီ ဖြစ်ရန် လိုအပ်ကြောင်း၊ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန် လိုအပ်ပါကြောင်း၊ မကြာမီက ကျင်းပပြုလုပ်ခဲ့သည့် (၅၈)ကြိမ် မြောက် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကာလအတွင်း မြန်မာကိုယ်စား လှယ်အဖွဲ့နှင့် တီမောလက်စ်တေ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံ ခဲ့ကြရာတွင်လည်း နှစ်နိုင်ငံ ဆက်ဆံရေးတိုးတက်ကောင်းမွန်စေရန်အတွက် အပြုသဘောဆောင် ဆွေးနွေးနိုင်ခဲ့ ပါကြောင်း ပြောကြားသည်။

 

သတင်းစဉ်

No comments

Powered by Blogger.