တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာရေးထိုးမှု (၁၉)ခု ရေးထိုးထားပြီး ဆက်လက်ဆောင်ရွက်သွားမည်
နေပြည်တော် ဇူလိုင် ၂၇
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင်
ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့နံနက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ကွေ့ကျိုးပြည်နယ် ကွေ့ရမ်မြို့၌ကျင်းပသည့် ၂၀၂၅ ခုနှစ် တရုတ် - အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု
ရက်သတ္တပတ်အခမ်းအနားသို့ တက်ရောက်သည်။
ဦးစွာ တရုတ်-အာဆီယံပညာရေး ပူးပေါင်းဆောင်ရွက်မှု
ရက်သတ္တပတ်အခမ်းအနား တက်ရောက် လာကြသည့် နိုင်ငံအလိုက် အဆင့်မြင့်အရာရှိကြီးများက စုပေါင်းဓာတ်ပုံရိုက်ကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက “Smart
Education Empowering people to people Exchanges and Educational Cooperation ” ခေါင်းစဉ်ဖြင့်
ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် ပညာရေးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုနှင့်
ဒေသတွင်းသာယာဝပြောရေး၏ အခြေခံအုတ်မြစ် ဖြစ်သည်ဟု အခိုင်အမာယုံကြည်ပါကြောင်း၊ တရုတ်နိုင်ငံနှင့်
မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာ(MoU) ရေးထိုးခြင်းသည် ဆရာ ဆရာမများနှင့်
ကျောင်းသား ကျောင်းသူများအကြား အသိပညာဖလှယ်ခြင်း၊ သုတေသနပူးပေါင်းဆောင်ရွက်ခြင်းနှင့်
နည်းပညာ ဖလှယ်ခြင်းတို့အတွက် အရေးပါသောခြေလှမ်းတစ်ရပ်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် (၅)နှစ်တာ
ကာလအတွင်း တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာရေးထိုးမှု
(၁၉)ခု ရေးထိုးထားပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားပြီး ဒုတိယဝန်ကြီးနှင့်
မြန်မာကိုယ်စားလှယ်အဖွဲ့သည် ခင်းကျင်းပြသထားသောပြခန်းများကို လှည့်လည်ကြည့်ရှုလေ့လာကြသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည်
“Industry - Education for Development” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ပြသည်။
ယင်းနောက် တက်ရောက်လာသော အာဆီယံနိုင်ငံများ၏
ပညာရေးအဆင့်မြင့်အရာရှိကြီးများက တက္ကသိုလ်များမှ ထူးချွန်သူများအား ဆုများချီးမြှင့်ခဲ့ကြသည်။
ထို့နောက် မြန်မာကိုယ်စားလှယ်အဖွဲ့မှ
မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန် က “Teacher Exchange and
Cooperation” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments