ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ ၁၉၃၆၆ ဦးရှိ
ရန်ကုန် ဇူလိုင် ၂၇
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို
ယနေ့နံနက် ၆ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သက်ဆိုင်ရာစာစစ်ဌာနများ၌ တစ်ပြိုင်တည်း
ထုတ်ပြန်ကြေညာခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ၃၇၄၆၇ ဦး ဖြေဆိုရာတွင် ၁၉၃၆၆ ဦး အောင်မြင်ခဲ့၍
အောင်မြင်မှုရာခိုင်နှုန်း ၅၁ ဒသမ ၆၉ ရာခိုင်နှုန်းရှိခဲ့သည်။
ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ
စာစစ်ဌာန ၉၁ ခု၌ တက္ကသိုလ်ဝင် အောင်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား ကျောင်းသူများနှင့်
မိဘဆွေမျိုးများ စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုခဲ့ကြသည်။
“ဒီနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအနေနဲ့
တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက် ၅၁ ဒသမ ၆၉ ရာခိုင်နှုန်း ရရှိထားတာကြောင့် တစ်နိုင်ငံလုံးအနေနဲ့
ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ မွန်ပြည်နယ်က ၅၇ ဒသမ ၁၆ ရာခိုင်နှုန်းနဲ့ တစ်နိုင်ငံလုံးမှာ
အောင်ချက် ပထမဖြစ်ပါတယ်။ အခုလို အောင်မြင်မှုရရှိအောင် အဘက်ဘက်က ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့
သူတွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး
ပညာရေးမှူး ဒေါက်တာ ချိုချိုမြတ်အောင်က ပြောသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျောင်းသား ကျောင်းသူ ၃၇၄၆၇ ဦး ဖြေဆိုခဲ့ပြီး ယခင်နှစ်က
အောင်မြင်သူမရှိခဲ့သော ကိုကိုးကျွန်းစာစစ်ဌာန၌ ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ၁၈
ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၁၂ ဦး အောင်မြင်မှုရှိခဲ့ကြောင်း သိရသည်။
၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင်
ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် ရလဒ်ကောင်းများ ဆက်လက်ပိုင်ဆိုင်ရရှိနိုင်စေရန် တိုင်းဒေသကြီးအစိုးရအဖွဲ့၏
ကြီးကြပ်ကူညီမှုနှင့်အတူ သက်ဆိုင်ရာခရိုင်/မြို့နယ်ကျောင်းများ ပူးပေါင်းဆောင်ရွက်မှုဖြင့်
ကျောင်းနေနှုန်းမြင့်မားရေး၊ ကျောင်းထွက်နှုန်းကျဆင်းရေးနှင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်ချက်ကောင်းမွန်ရေး
စသည့် စံနှုန်းများ ဆက်လက်အောင်မြင်မှုရရှိစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပညာရေးမှူးက ပြောကြားသည်။
“ဗိုလ်တထောင်မြို့နယ်မှာ
တက္ကသိုလ်ဝင်စာမေးပွဲ ၄၆၂ ဦး ဖြေဆိုရာမှာ ၂၈၅ ဦး အောင်မြင်ပြီး ဂုဏ်ထူးရှင် ၆၀ ထွက်ပေါ်ခဲ့ပါတယ်။
ခြောက်ဘာသာဂုဏ်ထူးရှင်လေးဦး ထွက်ပေါ်ခဲ့ပြီး ၆၁ ဒသမ ၆၉ ရာခိုင်နှုန်း အောင်မြင်ခဲ့တာကြောင့်
အားလုံးနဲ့ထပ်တူ ဝမ်းသာဂုဏ်ယူပါတယ်”ဟု ဗိုလ်တထောင်မြို့နယ်
အမှတ်(၆) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမ ဒေါ်သင်းသင်းအောင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း လမ်းမတော်မြို့နယ်တွင်
ကျောင်းသား ကျောင်းသူ ၄၇၀ ဖြေဆိုရာ၌ ၃၆၅ ဦး အောင်မြင်ခဲ့သည့်အတွက် အောင်မြင်မှုရာခိုင်နှုန်း
၇၇ ဒသမ ၆၆ ရာခိုင်နှုန်းရရှိခဲ့၍ အောင်ချက်အများဆုံး မြို့နယ်အဖြစ်လည်းကောင်း၊ ကမာရွတ်မြို့နယ်တွင်
၈၂၀ ဖြေဆိုရာ၌ ၆၃၃ ဦး အောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း ၇၇ ဒသမ ၂၀ ရာခိုင်နှုန်းရရှိခဲ့၍
အောင်ချက် ဒုတိယအများဆုံးမြို့နယ်အဖြစ် လည်းကောင်း၊ ဒဂုံမြို့နယ်တွင် ၄၂၃ ဦး ဖြေဆိုရာ၌
၃၀၈ ဦး အောင်မြင်ပြီး အောင်မြင်မှုရာခိုင်နှုန်း ၇၂ ဒသမ ၈၁ ရာခိုင်နှုန်းရရှိခဲ့ရာ
အောင်ချက်တတိယအများ ဆုံးမြို့နယ်အဖြစ်လည်းကောင်း ရပ်တည်လျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးတွင် ယခုကဲ့သို့
အောင်ချက်မြင့်မားလာရေးအတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် Grate–12 ဘာသာရပ်ဆိုင်ရာဆွေးနွေးပွဲများနှင့်
မွမ်းမံသင်တန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ညိမ်းသူ(သတင်းစဉ်)
ဓာတ်ပုံ-ကနူး
No comments