တူကီယဲနိုင်ငံ၌ ကြီးမားသည့်တောမီးလောင်မှုကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့
အစ္စတန်ဘူလ် ဇူလိုင် ၂၇
တူကီယဲနိုင်ငံ အနောက်မြောက်ပိုင်းနှင့်
မြောက်ပိုင်းတို့တွင် ဇူလိုင် ၂၆ ရက်က ကြီးမားသည့် တောမီးလောင်မှု နှစ်ကြိမ်ဖြစ်ပွားသဖြင့် ဒေသခံများ ဘေးလွတ်ရာသို့
ပြောင်းရွှေ့ခဲ့ကြရသည်။ လေပြင်းများတိုက်ခတ်မှုကြောင့် လူနေရပ်ကွက်များဆီသို့ မီးတောက်များ ရွေ့လျားကာ လမ်းများ ပေါ်တွင်လည်း ယာဉ်ကြောပိတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားသည်။
ကက်စ်တယ်နှင့် ဂါဆူခရိုင်အကြား ဘာဆာပြည်နယ်၌ တောမီးလောင်မှုကို မထိန်းချုပ်နိုင်ဘဲ ကျေးရွာများဆီသို့ လျင်မြန်စွာကူးစက်လောင်ခဲ့သဖြင့်
ဘေးကင်းရာသို့ ပြောင်းရွှေ့မှုများပြုလုပ်ခဲ့ရ သည်။ ကာရာဘတ်ခ် ပြည်နယ်၌ ဇူလိုင် ၂၄
ရက်က စတင်လောင်သည့် တောမီးကို မငြှိမ်းသတ် နိုင်သေးသဖြင့် ကျေးရွာပေါင်း ၂၀ ခန့်မှာ ကြိုတင်ကာကွယ်သည့်အနေဖြင့်
ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် နှိုးဆော်ထားသည်။
တူကီယဲ စိုက်ပျိုးရေးနှင့် သစ်တောဝန်ကြီး အီဘရာဟင် ယူမက်ခ်လီက သစ်တောမီးလောင် မှု ၂၈ ခုနှင့်
ကျေးလက်ဒေသမီးလောင်မှု ၄၈ ခု အပါအဝင် နိုင်ငံတစ်ဝန်းမီးလောင်မှုပေါင်း ၇၆ ခု ရှိကြောင်း
ဇူလိုင် ၂၆ ရက်က အတည်ပြုပြောကြားသည်။
ဇူလိုင် ၂၆ ရက်က ဘာဆာ၌ အပူချိန်
၃၈ ဒီဂရီဆဲလ်စီးယပ်နှင့် ကာရာဘတ်ခ်၌ အပူချိန်
၃၇ ဒီဂရီ ဆဲလ်စီးယပ်အထိ ရောက်ရှိလာပြီး လာမည့်နှစ်ရက်ကျော်အတွင်း အပူချိန်များမြင့်မားလာမည်ဟု
ခန့်မှန်းထားသည်။
ဆင်ဟွာ

No comments