တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သော ပြည်ထောင်စု စိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကိုတည်ဆောက်နိုင်ရန် စာပေနှင့်ယဉ်ကျေး မှုများကို မြှင့်တင်ပေးရန်လို




ထားဝယ် ဩဂုတ် ၁၉

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်သည် တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီများနှင့် တွေ့ဆုံသည်။


ဦးစွာ တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက တနင်္သာရီ တိုင်းဒေသကြီးအတွင်း တိုင်းရင်းသားဒေသများတွင် ကျန်းမာရေး၊ ပညာရေး၊ လမ်းပန်းဆက်သွယ် ရေး အခက်အခဲများနှင့် ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသား ပြည်သူများကို ပန်းခင်းစီမံချက်နှင့်အညီ နိုင်ငံသား စိစစ်ရေးကတ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်း များအား သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း၊ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်း၊ တနင်္သာရီတိုင်း ဒေသကြီးအတွင်း တိုင်းရင်းသားရိုးရာပွဲတော် အခမ်းအနားများ ကျင်းပဆောင်ရွက်မှု အခြေအနေ များနှင့် တိုင်းရင်းသားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။


ထို့နောက် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုကော်မတီများ က ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များနှင့် တိုင်းရင်းသားဘာသာသင် TA/ LT ဆရာ ဆရာမ များအား ထောက်ပံ့ပေးနိုင်ရေးတို့ကို တင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တစ်မြေတည်းနေ တစ်ရေတည်းသောက် တိုင်းရင်းသား လူမျိုးစု ညီအစ်ကိုမောင်နှမများအားလုံးသည် တိုင်းရင်းသားအချင်းချင်း ချစ်ကြည်လေးစားမှု၊ ရိုင်းပင်းကူညီမှုနှင့် စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော် အေးချမ်းသာယာပြီး တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပွဲတော် အခမ်းအနားများကို စည်ကားသိုက် မြိုက်စွာကျင်းပနိုင်ရေး၊ ပညာရေးကိစ္စရပ်များ၊ စာပေနှင့် ယဉ်ကျေးမှုများကို မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု နည်းစနစ်များဖြင့် အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို ကောင်းမွန်စွာဆောင်ရွက်နိုင်သော ပြည်သူ့ရေးရာ အုပ်ချုပ်မှုစနစ်များကို ဖော်ဆောင်ပေးရန် လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။


ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က တင်ပြချက်များအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်အတွက် ထားဝယ်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ၊ ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်သည်။


ယင်းနောက် တိုင်းရင်းသား တိုင်းရင်းသူများက ထားဝယ်ရိုးရာ ရေအိုးရွက်အကနှင့် ရိုးရာယဉ်ကျေးမှု အကတို့ဖြင့် တင်ဆက်ဖျော်ဖြေကြကာ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့က ရိုးရာ ယဉ်ကျေးမှုအကအဖွဲ့များအား ဆုချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)




No comments

Powered by Blogger.