နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) လုပ်ငန်းဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 



ရန်ကုန် ဩဂုတ် ၂၀

 

နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်သည် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့နှင့်အတူ ယနေ့နံနက်ပိုင်းက ပြည်ထောင်စုတိုင်းရင်းသားကျေးရွာအစည်းအဝေးခန်းမ၌ နယ်စပ်ရေးရာ ဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တိုင်းရင်းသား လူမျိုးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံးမှုမရှိစေရေး တည်ဆဲဥပဒေများနှင့်အညီ ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား MSME လုပ်ငန်းများကို ဌာနအနေဖြင့် လက်လှမ်းမီသမျှ ကူညီဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍတွင် တိုင်းရင်းသားကလေးငယ်များ ဘာသာစကား အခက်အခဲကို ကျော်လွန်၍ ကျောင်းထွက်နှုန်းလျော့နည်းလာစေရေး ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းများကို ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း များ၊ စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။   

 

ထို့နောက် ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် သန်း ၂၀ အောက်လုပ်ငန်း များနှင့် သန်း ၂၀ အထက် တင်ဒါလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ပြည်ထောင်စု တိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ဝင်ငွေရရှိမှုနှင့် ပုံမှန်လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်း တင်ပြသည်။

ယင်းနောက် ဝန်ထမ်းများ၏ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) ၏ ရိုးရာအိမ်များ၊ နန်းမြင့်မျှော်စင်၊ ဆလုံပြခန်းနှင့် ဝန်ထမ်းအိမ်ရာများအတွင်း အသုံးပြုနိုင်ရန် Solar Panel ၅၈ လုံး ပေးအပ်ရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

 

ထို့နောက် ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ (ရန်ကုန်) အတွင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

သတင်းစဉ်

No comments

Powered by Blogger.