တရုတ်နိုင်ငံ ကွမ်ရှီးရုပ်သံ ရိုက်ကူးရေးအဖွဲ့ တရုတ်နိုင်ငံသို့ ပြန်လည်ထွက်ခွာ

 



နေပြည်တော် ဩဂုတ် ၂၀

 

“ပွင့်လန်းသာယာ လန်ချန်း -မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်ရိုက်ကူးရေး ဆောင်ရွက်ခဲ့သည့် တရုတ်နိုင်ငံ နင်နင်းမြို့ ကွမ်ရှီးအသံလွှင့်နှင့် ရုပ်မြင်သံကြားဌာနမှ ညွှန်ကြားရေးမှူး မစ္စတာ Yang Chun ဦးဆောင်သည့်အဖွဲ့သည် ရိုက်ကူးရေး လုပ်ငန်းများပြီးစီးသဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာသွားသည်။

 

အဆိုပါအဖွဲ့သည် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားနှင့် ပူးပေါင်းပြီး ဩဂုတ် ၁၂ ရက်မှ ၁၅ ရက်ထိ နေပြည်တော်ရှိအောင်သာ ကျေးရွာတွင် သောက်ရေသန့် ရရှိရေးဆောင်ရွက်မှု၊ သစ်တော သုတေသနဌာန (ရေဆင်း)တွင် ဆောင်ရွက်မှုနှင့် သုတေသန အမျိုးသား ပရဆေးဥယျာဉ် (နေပြည်တော်)ရှိ ဆေးဖက်ဝင် ပရဆေးပျိုးဥယျာဉ်တွင် ဆောင်ရွက်ထားရှိမှုတို့ကို လည်းကောင်း၊ ဩဂုတ် ၁၆ ရက်မှ ၁၉ ရက်အထိပဲခူးမြို့နယ် ရွာသစ်ကျေးရွာရှိလန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရန်ကုန်မြို့တွင်းရှုခင်းများ၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာန၊ သုတေသနဌာနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ဆောင်ရွက်မှု စီမံကိန်းအရ လန်ချန်း-မဲခေါင် ပူးပေါင်း အစားအစာ တီထွင်ဆန်းသစ်မှုနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်မှု၊ Solar Energy Exhibition Center၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန အမျိုးသား ဓာတ်ခွဲခန်းတွင် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကြမ်းကုန်ချောများ အရည်အသွေး ဓာတ်ခွဲတိုင်းတာ ဆောင်ရွက်မှုနှင့် အသီးအနှံ အခြောက်ခံစက်ကြီးများဖြင့် မြင်းခွာရွက်အား အခြောက်ခံပြီး အမှုန့်ကြိတ် လုပ်ဆောင်မှုတို့ကိုလည်းကောင်း ရုပ်သံမှတ်တမ်း ရိုက်ကူး ခဲ့ကြသည်။

 

ပွင့်လန်းသာယာ လန်ချန်း-မဲခေါင်ဂေဟာ ရုပ်သံမှတ်တမ်း အစီအစဉ်တွင် လန်ချန်း-မဲခေါင် ဒေသနိုင်ငံများ ဖြစ်ကြသည့် တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ရိုက်ကူးထားသည့် ရုပ်သံမှတ်တမ်းများအား စုစည်း၍ တည်းဖြတ်ပြီးပါက သက်ဆိုင်ရာ နိုင်ငံများရှိ ရုပ်သံလိုင်းများ၌ ထုတ်လွှင့်ပြသနိုင်ရန် ဖြန့်ဝေပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.