ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ ရေဝင်ရောက်ခဲ့သော ကျေးရွာများမှ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
နေပြည်တော် ဩဂုတ် ၂၈
ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းသည် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးနှင့်အတူ ယမန်နေ့ ညနေပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် တပ်ကုန်းမြို့နယ် ရှောက်ကုန်းကျေးရွာသို့ သွားရောက်၍ ရေဝင်ရောက်မှုအခြေအနေကိုကြည့်ရှု၍ ယာယီဆေးခန်း ဖွင့်လှစ်ကာ ရေဘေးရှောင်ပြည်သူများအတွက် ကျန်းမာရေး စောင့်ရှောက်နေမှုများကို ကြည့်ရှုပြီး လူနာများကို အားပေးစကား ပြောကြား၍ ကျန်းမာရေးဝန်ထမ်းများအား ချီးမြှင့်ငွေများ ပေးအပ်သည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရေတွင်းဖြူကျေးရွာရှိ ရေတွင်းဖြူကျောင်းတိုက် ရေဘေး ရှောင်စခန်းသို့ သွားရောက်ပြီး ယာယီဆေးခန်း ဖွင့်လှစ်၍ ရေဘေးရှောင် ပြည်သူများ အတွက် ကျန်းမာရေးစောင့်ရှောက် နေမှုများကိုကြည့်ရှုကာ စခန်း တာဝန်ခံအားတွေ့ဆုံ၍ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ညောင်ပင်သာ ကျေးရွာရှိ ပြန်လည်ထူထောင်ရေး စီမံကိန်းသို့ သွားရောက်ကာ ရေဝင်ရောက်မှု အခြေအနေကို ကြည့်ရှုပြီး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ရေဝင်ရောက်ခဲ့သော ရပ်ကွက်နှင့် ကျေးရွာများတွင် ကူးစက်ရောဂါ ကာကွယ်ရေးနှင့် သောက်သုံးရေ သန့်ရှင်းရေး လုပ်ငန်းများကို အထူးအလေး ထား ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယင်းနောက် တပ်ကုန်းမြို့နယ် ခုတင် (၁၀၀) ဆံ့ ဆေးရုံသို့ သွားရောက်ပြီး ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး စီမံ ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးပြီး ဇေယျာသီရိမြို့နယ် ကျည်တောင်ကျေးရွာ ကိုးခမ်းကြီးဘုရားတွင် ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်းသို့ သွားရောက်ပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ယာယီဆေးခန်းဖွင့်လှစ်ကုသပေးမှုများကို ကြည့်ရှုစစ်ဆေးကာ အရေးပေါ် တုံ့ပြန်ရေးအဖွဲ့နှင့် ဆေးကုသရေး အဖွဲ့များ အလှည့်ကျတာဝန်ချ ထားရေး၊ ဆေးစိမ်ခြင်ထောင်များ ပေးဝေရေး၊ သက်ကြီးဘိုးဘွား များအား သွေးတိုး၊ နှလုံး၊ ဆီးချို ရောဂါများ စစ်ဆေးကုသမှုပေးရေးနှင့် ကူးစက်ရောဂါကာကွယ် ရေးလုပ်ငန်းများကို ဆောင်ရွက် ပေးရန်မှာကြားပြီး ကျန်းမာရေး ဝန်ထမ်းများကို ချီးမြှင့်ငွေနှင့် စခန်း တာဝန်ခံအား တွေ့ဆုံ၍ ရေဘေး ရှောင်ပြည်သူများအတွက် ကြက်ဥ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်
No comments