ကန့်ဘလူမြို့နယ်၌ မိုးသီးနှံဖြစ်သည့် ပဲစင်းငုံ လျာထားဧကထက် ခုနှစ်ထောင်ကျော် ပိုမိုစိုက်ပျိုးနိုင်ခဲ့
ကန့်ဘလူ ဩဂုတ် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ရှိ
ပြည်သူများသည် စိုက်ပျိုးရေးလုပ်ငန်းကိုသာ အဓိကထားသည့် ဒေသတစ်ခုဖြစ်သည့်အလျောက် ရာသီအလိုက်
စိုက်ပျိုးသီးနှံများကို စိုက်ပျိုးလျက်ရှိသည်။ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင်
ကန့်ဘလူမြို့နယ်၌ ပဲမျိုးစုံစိုက်ပျိုးသည့်အနက် ပဲစင်းငုံဧက ၁၁၅၆၆၀ လျာထားပြီး မေလနှင့်ဇွန်လတို့တွင် စတင်စိုက်ပျိုးခဲ့ရာ
ယခုအခါ ၁၂၃၃၆၆ ဧကစိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ
သိရသည်။
“ကျွန်တော်တို့မြို့နယ်မှာ
ဒေသခံတောင်သူတွေ ရာသီအလိုက်စိုက်ပျိုးသီးနှံတွေကို ပိုမိုတိုးချဲ့ စိုက်ပျိုးနိုင်ဖို့၊
သဘာဝမြေဩဇာများပြုလုပ်သုံးစွဲနိုင်ဖို့၊ ဒေသရာသီဥတုနဲ့ကိုက်ညီတဲ့ မျိုးကောင်း မျိုးသန့်တွေ
ရွေးချယ်စိုက်ပျိုးနိုင်ဖို့၊ တစ်ဧကအထွက်နှုန်းကောင်းမွန်ဖို့၊ သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်ဖို့၊ ပိုးမွှားကျရောက်မှုမရှိစေဖို့၊ စိုက်ပျိုးရေးနည်းပညာများကို လိုက်ပါဆောင်ရွက်နိုင်ဖို့အတွက်
ကွင်းဆင်း အသိပညာပေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်” ဟု မြို့နယ်စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးသည် ပဲမျိုးစုံစိုက်ပျိုးထုတ်လုပ်ရာတွင်
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဧရိယာအများဆုံး စိုက်ပျိုးထုတ်လုပ်သည့် တိုင်းဒေသကြီးဖြစ်ပြီး
ပဲမျိုးစုံကိုအဓိကသီးနှံအဖြစ် စိုက်ပျိုးသည့်အပြင် သီးထပ်၊ သီးညှပ်လည်း စိုက်ပျိုးထုတ်လုပ်သည့်အတွက်
တောင်သူများအနေဖြင့် ဝင်ငွေရသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။ ပဲမျိုးစုံစိုက်ပျိုးရာတွင်
စျေးကွက်ဝင် ကုလားပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံအပါအဝင် ပဲမျိုးပေါင်း ၁၇ မျိုးကျော်စိုက်ပျိုးလျက်ရှိပြီး
ကန့်ဘလူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ပဲတီစိမ်း(မိုးကြို) ၆၆၅၀ ဧက၊ ပဲတီစိမ်း(မိုး) ၈၈၇၂၄
ဧက၊ ထောပတ်ပဲ ၇၇၇ ဧက၊ စွန်တာပြာ ၂၂၂၅ ဧက၊ ပဲစင်းငုံ ၁၂၃၃၆၆ ဧကနှင့် အခြားပဲ ၉ ဧကစိုက်ပျိုးပြီးဖြစ်သည်။
ကန့်ဘလူမြို့နယ်၏ အဓိကစိုက်ပျိုးသီးနှံများမှာ
စပါးအပါအဝင် ပဲမျိုးစုံသီးနှံ၊ ဆီထွက်သီးနှံ၊ စက်မှုကုန်ကြမ်းသီးနှံ၊ နှစ်ရှည်သီးနှံနှင့်
ဥယျာဉ်ခြံသီးနှံများ စိုက်ပျိုးလျက်ရှိပြီး မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနအနေဖြင့်
မိုး၊ ဆောင်း၊ နွေရာသီအလိုက် လျာထားဧကများ ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်ပူးပေါင်းကာ
အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)
No comments