တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ ရထားတိုက်မှုကြောင့်နှစ်ဦးသေဆုံး၊ ငါးဦး ဒဏ်ရာရ



ဩဂုတ် ၁၉

တောင်ကိုရီးယားနိုင်ငံအရှေ့တောင်ပိုင်း၌ ယနေ့တွင်ရထားတိုက်မှုဖြစ်ပွားပြီးနောက် မီးရထား လုပ်သားနှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါခရီးသည်တင်ရထားသည် ဒေသစံတော်ချိန် နံနက် ၁၀ နာရီ ၅၀ မိနစ်ခန့်က ချောင်ဒိုမြို့ အရှေ့တောင်ဘက်သံလမ်းအနီးကုန်းစောင်းပေါ်ရှိ အဆောက်အဦများစစ်ဆေးရန်သွားလာနေသော  မီးရထားဝန်ထမ်း ခုနစ်ဦးကို တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုခုနစ်ဦးအနက် နှစ်ဦးသေဆုံးပြီး အခြားငါးဦးမှာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဒဏ်ရာရသူအချို့မှာ စိုးရိမ်ရသည့် အခြေအနေရှိသည်ဟု သိရသည်။

ယင်းရထားပေါ်တွင် ခရီးသည် ၈၉ ဦး လိုက်ပါလာကာ ခရီးသည်များအားလုံး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း ဖော်ပြထားသည်။

ထိုဒေသတွင် မကြာသေးမီက မိုးများသည်းထန်စွာရွာသွန်းပြီးနောက် ရထားလုပ်သားများသည် အဆောက်အဉီများကို စစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိသည်ဟု နိုင်ငံပိုင်ရထားလမ်းဌာနကဆိုသည်။

ရဲတပ်ဖွဲ့က သက်ဆိုင်ရာဥပဒေနဲ့အညီ ဘေးကင်းရေးအစီအမံများလုပ်ဆောင်မှုရှိ၊ မရှိ စစ်ဆေးလျက်ရှိပြီး မတော်တဆမှုဖြစ်ပွားသည့်အကြောင်းရင်းကို သိရှိရန်အတိအကျစုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.