မြန်မာတစ်နိုင်ငံလုံး၌ ကော်ဖီသီးနှံ ဧကတစ်သိန်းအထိ လျာထားစိုက်ပျိုးလျက်ရှိ
နေပြည်တော် စက်တင်ဘာ
၂၁
လယ်ယာထွက်သီးနှံများကို
ပြည်ပပို့ကုန်အဖြစ် တိုးမြှင့်ထုတ်လုပ်နိုင်ရန်နှင့် စိုက်ပျိုးထုတ်လုပ်သူ လုပ်ငန်းရှင်တောင်သူများ
စီးပွားရေးတွက်ခြေကိုက်၍ အကျိုးရလဒ်ရရှိစေရန်ရည်ရွယ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင်
ကော်ဖီသီးနှံ ဧကတစ်သိန်းကို လျာထားစိုက်ပျိုးလျက်ရှိရာ ယခုလက်ရှိကာလထိ ၆၃၂၂၆ ဧကခန့်
စိုက်ပျိုးထားပြီးဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံတွင်
လက်ရှိစိုက်ပျိုးသည့် ကော်ဖီသီးနှံပင်အမျိုးအစားနှစ်မျိုးရှိရာ တောင်ပေါ်ကော်ဖီခေါ် (Aribica)မျိုးနှင့် မြေနိမ့်ကော်ဖီ (Robusta) မျိုးတို့ဖြစ်ပြီး
တောင်ပေါ်ကော်ဖီမှာ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၃၀၀၀ တောင်ကုန်းတောင်တန်းများတွင် အောင်မြင်ဖြစ်ထွန်း၍
မြေနိမ့်ကော်ဖီမှာမူ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၈၀၀ မှ ၂၅၀၀ အကြား စိုက်ပျိုး၍ အောင်မြင်ဖြစ်ထွန်းကြောင်း
သိရသည်။
ကော်ဖီသီးနှံ ဧကတစ်သိန်းပြည့်မီရန်
လျာထားစိုက်ပျိုးသည့်ဒေသများမှာ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ဧရာဝတီ၊ မွန်၊ တနင်္သာရီ၊
စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနတို့အနေဖြင့် စိုက်ပျိုးသည့်
လုပ်ငန်းရှင်တောင်သူများအား ကော်ဖီသီးနှံမျိုးစေ့၊ ပျိုးပင်နှင့် နည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကံဆောင်က ပြောသည်။
“ကော်ဖီသီးနှံဟာဆိုရင်
အရိပ်ရပင်နဲ့ တွဲဖက်စိုက်ပျိုးရတဲ့ သီးနှံဖြစ်တဲ့အတွက် သီးနှံသစ်တော ရောနှောစိုက်ပျိုးခင်းများအဖြစ်
ဆောင်ရွက်နိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို စိမ်းလန်းစိုပြည်ထိန်းသိမ်းစေနိုင်တဲ့အပြင်
ကော်ဖီသီးနှံကလည်း ဝင်ငွေရရှိပြီး အရိပ်ရအပင်တွေကို သက်တမ်းပြည့်ပါက ခုတ်ယူ၍ မျိုးခြားသစ်ပွအဖြစ်
အသုံးပြုနိုင်ပါတယ်။
လုပ်ငန်းရှင်တောင်သူတွေအတွက်
နှစ်ဖက်ကဝင်ငွေရရှိပြီး အထူးအကျိုးဖြစ်ထွန်းစေသည့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်တဲ့အတွက်
ကော်ဖီတိုးချဲ့စိုက်ပျိုးခြင်းလုပ်ငန်းကို လျာထားချက်ပြည့်မီအောင် အထူးအလေးပေးဆောင်ရွက်သင့်ကြောင်း
တိုက်တွန်းပြောကြားလိုပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ကော်ဖီပင်သက်တမ်း
ငါးနှစ်ပြည့်သည့်အခါ ထွက်ရှိလာသည့် ကော်ဖီဆန် (Green Bean)ကို ရုရှား၊ ဘယ်လာရုစ်၊ အီတလီ၊
တရုတ်၊ ထိုင်း၊ စင်ကာပူ စသည့်နိုင်ငံများသို့ ထပ်မံတင်ပို့ရောင်းချရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊
ကော်ဖီ၏ အရည်အသွေးနှင့် တင်ပို့သည့် နိုင်ငံများ၏ ကြိုက်နှစ်သက်မှုအပေါ်မူတည်၍ ဈေးနှုန်းကွာခြားမှု
အနည်းငယ်ရှိမည်ဖြစ်ကြောင်း၊ အများဆုံးတင်ပို့ရောင်းချနေသည့် နိုင်ငံများစာရင်းတွင်
တရုတ်၊ ထိုင်း၊ ယူအေအီး၊ ကာတာ၊ ဂျပန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။
ကိုပေါက်(ဥက္ကာမြေ)
No comments