(၈)ကြိမ်မြောက် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်



နေပြည်တော် စက်တင်ဘာ ၂၀

 

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong ၏ ဖိတ်ကြားချက်အရ ပေကျင်းမြို့၌ ကျင်းပ ပြုလုပ်သည့် (၈)ကြိမ်မြောက် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး၊ လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့်အစည်းအဝေးနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ်(၂၀၂၅)သို့ တက်ရောက်ခဲ့သည်။

 

စက်တင်ဘာ ၁၄ ရက် ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ သည် လေကြောင်းခရီးဖြင့် ကွမ်ကျိုးမြို့မှတစ်ဆင့် ပေကျင်းမြို့သို့ ရောက်ရှိသည်။

 

စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ပေကျင်း မြို့ရှိ Rui An ဟိုတယ်၌ ကျင်းပပြုလုပ်သည့် (၈)ကြိမ် မြောက် တရုတ်-မြန်မာ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်၍ နှစ်နိုင်ငံလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးပြီး အစည်းအဝေးသဘော တူညီမှုမှတ်တမ်းကို လက်မှတ်ရေးထိုးခဲ့ကြသည်။

 

ညနေပိုင်းတွင် လန်ချန်း-မဲခေါင် တရားဥပဒေ စိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ ဒေသတွင်းနိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ပြီး ဒေသတွင်းလုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရေး၊ လန်ချန်း-မဲခေါင်နိုင်ငံများအကြား အပြန်အလှန် ယုံကြည်မှုနှင့် နားလည်မှုပိုမိုမြင့်မားလာစေပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို တိုးမြှင့် ဆောင်ရွက်နိုင်ရေး စသည့်ကိစ္စရပ်များကို ဆွေးနွေးပြီး ညပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့ လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Wang Xiaohong က တည်ခင်းဧည့်ခံသော ညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဖွဲ့ဝင် များနှင့်အတူ စက်တင်ဘာ ၁၇ ရက်မှ ၁၈ ရက်အထိ ကျင်းပပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လုံခြုံရေး ဆိုင်ရာနည်းပညာပြပွဲနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဖိုရမ် (၂၀၂၅) သို့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ တက်ရောက်ပြီး ပြည်ထောင်စုဝန်ကြီးက လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေး နယ်ပယ်တွင် လက်တွေ့ဆန်သော ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေး၊ သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို နိုင်ငံပေါင်းစုံ အတူတကွလက်တွဲပူးပေါင်း တိုက်ဖျက်ရေး၊ သတင်း အချက်အလက်ဖလှယ်ရေး၊ အငြင်းပွားမှုများကို ငြိမ်းချမ်းသောနည်းလမ်းဖြင့် ဖြေရှင်းရေး စသည်တို့ကို အလေးထား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

စက်တင်ဘာ ၁၈ ရက် ညပိုင်းတွင် ရှန်ဟိုင်းမြို့သို့ ရောက်ရှိကာ စက်တင်ဘာ ၁၉ ရက်တွင် ရှန်ဟိုင်းမြို့ ပြည်သူ့လုံခြုံရေးဦးစီးဌာန၏ Pu Tuo ခရိုင်ရဲဌာနချုပ် သို့ သွားရောက်၍ ရာဇဝတ်မှုခင်းစစ်ဆေးခြင်းနှင့် စပ်လျဉ်းသော ရဲလုပ်ငန်းဆိုင်ရာ ဆောင်ရွက်ချက်များကို ကြည့်ရှုလေ့လာခဲ့ပြီး စက်တင်ဘာ ၂၀ ရက်မွန်းလွဲ ပိုင်းတွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ပြန်လည် ရောက်ရှိခဲ့ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာ ကိုယ်စားလှယ်အဖွဲ့၏ ခရီးစဉ်အတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးနှင့် နှစ်နိုင်ငံဝန်ကြီးဌာနနှစ်ခုအကြား ပူးပေါင်းဆောင်ရွက်မှု များမြှင့်တင်ရေး၊ လန်ချန်း-မဲခေါင်ဒေသတွင်း နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက် ရေးကိစ္စရပ်များနှင့် ပတ်သက်၍လည်းကောင်း၊ ကမ္ဘာ့ ဒေသအသီးသီးမှ နိုင်ငံများနှင့် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးမှုများအရလည်းကောင်း အပြုသဘော ဆောင်သည့် ရလဒ်များရရှိခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.