ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ရှမ်းပြည်နယ်မှ လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ကိုယ်စားလှယ်များကို တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲသို့တက်ရောက်
နေပြည်တော်
စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်မှ
လေ့လာရေးခရီးလာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း အဖွဲ့များမှ
ကိုယ်စားလှယ်များအား တည်ခင်းဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို ယမန်နေ့ ညနေ
၆ နာရီက တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး
အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့
နယ်စပ်ရေးရာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရှမ်းပြည်နယ်
တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊
ရှမ်းပြည်နယ်မှ လေ့လာရေးခရီး လာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့်
ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ယခုလေ့လာရေးခရီးစဉ်သည်
တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၏ (၈) ကြိမ်မြောက် လေ့လာရေးခရီးစဉ်ဖြစ်ပြီး
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ကိုယ်စားလှယ်များအကြား
တစ်ဦးနှင့်တစ်ဦး အတွေ့အကြုံများကို အမြင်ချင်းဖလှယ်နိုင်ပြီး
ရင်းနှီးမှုများပိုမိုရရှိစေမည်ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံသည်
တိုင်းဒေသကြီးနှင့်ပြည်နယ်များကို ပေါင်းစုထားသည့် ပြည်ထောင်စုတစ်ခုဖြစ်သည့် အတွက်
အမျိုးသားညီညွတ်ရေးသည် အလွန်အင်မတန် အရေးကြီးပါကြောင်း၊ တစ်ဦးနှင့်တစ်ဦး နားလည်မှုနှင့်
အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ပါက စစ်မှန်သည့်ညီညွတ်ရေးကို
ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော် တည်ဆောက်ရန်အတွက်
အရေးကြီးဆုံးအချက်သည် ငြိမ်းချမ်းရေးပင်ဖြစ်ပါကြောင်း၊ ငြိမ်းချမ်းမှသာ
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုဆောင်ရွက်နိုင်မှာ ဖြစ်ပါကြောင်း၊ ယခုလေ့လာ
ရေးခရီးစဉ်တွင် ငြိမ်းချမ်းသည့်ဒေသများ၌ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုများကို လက်တွေ့
မြင်တွေ့နိုင်မည် ဖြစ်ပါကြောင်း။
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုသည်
တိုင်းရင်းသားများ၏ ဖွံ့ဖြိုးတိုးတက်မှုပင်ဖြစ်သဖြင့် နိုင်ငံတော်က
ငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ
ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်နေသည့်နည်းတူ
တိုင်းရင်းသားညီအစ်ကို မောင်နှမများအားလုံးကလည်း အတူတကွ စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်းပါဝင်
ကြိုးပမ်းဆောင်ရွက် ပေးကြရန်နှင့် မိမိတို့၏ ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်မှန်သော
ပြည်ထောင်စု စိတ်ဓာတ်ဖြင့် ဒို့တာဝန်အရေး (၃) ပါး ကို မထိခိုက်စေဘဲ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို
အခြေခံသည့် ပြည်ထောင်စုကြီး ပေါ်ထွန်းစေရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ
အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက်
ရှမ်းပြည်နယ်မှ လေ့လာရေးခရီး လာရောက်ကြသည့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့
ကိုယ်စားလှယ်များက ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ကို ဂါရဝပြု လက်ဆောင်များပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့်
ဒုတိယဝန်ကြီးတို့က အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ကြကာ ဒုတိယဝန်ကြီး
ဦးဇော်အေးမောင်က ကျေးဇူးတင်စကား ပြောကြားသည်။
ယင်းနောက်
တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့ကိုယ်စား ပအိုဝ်းတိုင်းရင်းသူတစ်ဦးက
ကျေးဇူးတင် စကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ရှမ်းပြည်နယ်
တိုင်းရင်းသား ရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများသည် လေ့လာရေး လာရောက်ကြသည့် အဖွဲ့များနှင့်အတူ
ချစ်ကြည်ရင်းနှီးစွာဖြင့် ညစာသုံးဆောင်ကြကာ ညစာသုံးဆောင်စဉ် တိုင်းရင်းသားရိုးရာ
တေးသီချင်းများ၊ အကအလှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments