ရှမ်းပြည်နယ် ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်း နှစ်ထပ်(စကားဝါ) ကျောင်းဆောင်သစ်ဖွင့်ပွဲ ကျင်းပ
ကျေးသီး စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ကျေးသီးမြို့နယ်၌
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာ
အထက်တန်းကျောင်း ကျေးသီး ပေ (၁၈၀x၃၀) RCC နှစ်ထပ် (စကားဝါ) ကျောင်းဆောင်သစ်ဖွင့်ပွဲကို
ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပသည်။
ဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်က
အမှာစကားပြောကြားပြီး ကျောင်းဆောင်သစ်အား ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်
ဒုတိယတိုင်းမှူး၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး၊
ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က
ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကိုစက်ခလုတ်နှိပ် ဖွင့်လှစ်ပေး၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်
ပက်ဖျန်းပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံပညာအထက်တန်းကျောင်း
ဘင်ခရာတပ်ဖွဲ့၊ ကျောင်းအကျိုးတော်ဆောင်နှင့် ကျောင်းအုပ်ဆရာမကြီးတို့အား ဂုဏ်ပြုချီးမြှင့်ငွေများ
ပေးအပ်ပြီး ကျောင်းဆောင်သစ်ရှိ စာသင်ခန်းမနှင့် ကျောင်းဆောင်ဟောင်းတို့ကို လှည့်လည်ကြည့်ရှုသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
လားရှိုး-မယ်ဟန်-မိုင်းရယ်-ကျေးသီးလမ်း ဆောင်ရွက်နေမှုကို လည်းကောင်း၊ ရှမ်းပြည်နယ်
(မြောက်ပိုင်း) မိုင်းရယ်မြို့နယ်တွင် လားရှိုး (မယ်ဟန်)-မိုင်းရယ်-ကျေးသီး လမ်း ၇၁
မိုင် ၁ ဖာလုံ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုကို လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က
သတ်မှတ်စံချိန်စံညွှန်း၊ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း
လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန် မှာကြားသည်။
ယင်းနောက် မိုင်းရယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး
အစည်းအဝေးခန်းမ၌ မိုင်းရယ်မြို့နယ် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံရာ တက်ရောက်လာသည့်
ရပ်မိရပ်ဖများ၊ ဌာနဆိုင်ရာများက ဒေသလိုအပ်ချက်များ တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က
လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးရွာစာကြည့်တိုက်များတွင်
စာအုပ်စာစောင်များ ဖြည့်ဆည်းနိုင်ရန်အတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူများက
လက်ခံရယူခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)

No comments