ကမ္ဘာကြီး၏ အသက်ရှူသံနှင့် မီးခိုးမြူများ ကင်းစင်သော အနာဂတ်ဆီသို့……(ကြေးမုံ)
ကိုဘုန်း(ထုတ်လုပ်)
ကမ္ဘာတစ်ဝန်းရှိ
လူသန်းပေါင်းများစွာအတွက် လေထုညစ်ညမ်းမှုသည် နေ့စဉ်ဘဝ၏ စိန်ခေါ်မှု တစ်ရပ်ဖြစ်လာပါသည်။
လေထုညစ်ညမ်းမှုသည် ကမ္ဘာ့ကျန်းမာရေး အခြေအနေဆိုင်ရာ အရေးပေါ် အခြေအနေတစ်ရပ်ဖြစ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၏ အဆိုအရ လေထု ညစ်ညမ်းမှုကြောင့်
နှစ်စဉ်လူသန်းပေါင်းခုနစ်သန်းခန့် စောစီးစွာ သေဆုံးနေရပါသည်။ ဤသည် မှာ
ဆေးလိပ်သောက်ခြင်း သို့မဟုတ် မသင့်လျော်သော အစားအသောက်များထက် ပိုမိုများပြားသော
သေဆုံးမှု အရေအတွက်ပင်ဖြစ်ပါသည်။ ညစ်ညမ်းမှုများနှင့် ပြည့်နှက်နေသောလေသည် လူ့ ကျန်းမာရေးကို
ချက်ချင်းနှင့် ရေရှည်ထိခိုက်စေနိုင်ပြီး ပန်းနာရင်ကျပ်၊ နှလုံးရောဂါ၊
လေဖြတ်ခြင်းနှင့် အဆုတ် ကင်ဆာကဲ့သို့သော ရောဂါများ ဖြစ်ပွားစေနိုင်သည်။ ထို့အပြင်
လေထုညစ်ညမ်းမှုသည် ရာသီဥတုပြောင်းလဲခြင်းနှင့် နီးကပ်စွာဆက်စပ်နေပါသည်။ မီသိန်းနှင့်
ကာဗွန်ဒိုင်အောက်ဆိုက် ကဲ့သို့သော ညစ်ညမ်းမှုများသည် ဖန်လုံအိမ်ဓာတ်ငွေ့များဖြစ်ကာ
ကမ္ဘာကြီးပူနွေးလာမှုကို အရှိန်မြှင့်တင် ပေးနေပါသည်။
လူသားတို့ကြောင့် ဖြစ်ပေါ်သော လေထုညစ်ညမ်းမှုများ
လေထုညစ်ညမ်းမှု၏
အဓိကတရားခံမှာ လူသားတို့၏ လုပ်ဆောင်ချက်များပင်ဖြစ်သည်။ စက်မှုတော်လှန်ရေးခေတ်မှစတင်ကာ
လူသားတို့သည် သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းမှုများ ဖြစ်ပေါ်စေခဲ့ပါသည်။
တွင်းထွက်လောင်စာများမှ
စွမ်းအင်ထုတ်လုပ်ခြင်း - ကမ္ဘာ့လျှပ်စစ်ဓာတ်အား၏ ၆၀ ရာခိုင်နှုန်း ကျော်ကို
ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့များ မီးရှို့ခြင်းမှရရှိသည်။ ကျောက်မီးသွေး
မီးရှို့ခြင်းမှ ဆာလ်ဖာဒိုင်အောက်ဆိုက် (SO2)၊ နိုက်ထရိုဂျင်အောက်ဆိုက် (NOX)၊
ကာဗွန်ဒိုင်အောက်ဆိုက် (CO2)နှင့် အမှုန်
အမွှားများ (PM2.5/PM10) အကြီးအကျယ်ထွက်ရှိသည်။
ဤညစ်ညမ်းမှုများသည် အဆုတ်ရောဂါများ၊ အက်စစ် မိုးရွာသွန်းခြင်းနှင့်
ရာသီဥတုပြောင်းလဲ ခြင်းတို့ကို ဦးတည်စေသည်။
စက်မှုလုပ်ငန်းများ၊
စက်ရုံ၊ အလုပ်ရုံများမှ မီးခိုးများ- သံမဏိ၊ ဘိလပ်မြေ၊ ဓာတုဗေဒနှင့်
သတ္တုတွင်းထွက်ပစ္စည်း ထုတ်လုပ်သည့်စက်ရုံများမှ ညစ်ညမ်းမှု များ ထွက်ရှိသည်။ VOCs
(Volatile Organic Compounds)၊ အလူမီနီယံနှင့်
ပြဒါးကဲ့သို့သော အဆိပ်သင့်သတ္တုဒြပ်စင်များ ထွက်ရှိသည်။ အဆိုပါညစ်ညမ်းမှုများသည်
လူကိုကင်ဆာဖြစ်စေနိုင်ပြီး မြေဆီလွှာ၊ ရေထုနှင့် လေထုကိုပါ ညစ်ညမ်းစေပါသည်။
သယ်ယူပို့ဆောင်ရေးယာဉ်များ-
ဓာတ်ဆီနှင့် ဒီဇယ်ဆီလောင်ကျွမ်းခြင်းမှ ကာဗွန်မိုနောက်ဆိုက် (CO)၊ နိုက်ထရိုဂျင် အောက်ဆိုက် (NOX)၊ ဓာတ်ငွေ့ဖြစ် ဒြပ်ပေါင်းများနှင့်
အမှုန်အမွှားများထွက်ရှိ ပါသည်။ ဒီဇယ်ယာဉ်များမှ PM2.5 အမှုန်များသည် အဆုတ်အတွင်းသို့ နက်ရှိုင်းစွာဝင်ရောက်ပြီး အဆုတ် ကင်ဆာနှင့်
နှလုံးရောဂါကို ဖြစ်စေနိုင်ပါသည်။
စိုက်ပျိုးရေးတွင်
ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုခြင်းနှင့် တိရစ္ဆာန်မွေးမြူရေးများ-
စိုက်ပျိုးရေး တွင် ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ အသုံးပြုခြင်းကြောင့်
အမိုးနီးယား ဓာတ်ငွေ့ (NH3) ထွက်ရှိပြီး လေထုတွင်ဓာတ်ပြုကာ
အမှုန်အမွှားညစ်ညမ်းမှု ဖြစ်စေသည်။ တိရစ္ဆာန် မွေးမြူရေးများမှ မီသိန်းဓာတ်ငွေ့ (CH4) ထုတ်လွှတ်မှုသည် ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု၏ ၁၄
ရာခိုင်နှုန်းခန့်ရှိပါသည်။
စွန့်ပစ်ပစ္စည်းများမီးရှို့ခြင်း
- ပလတ် စတစ်၊ ရော်ဘာ၊ လျှပ်စစ်ပစ္စည်းများ မီးရှို့ခြင်းမှ ဒိုင်အောက်ဆင်များ၊
အဆိပ်သင့်ဓာတ်ငွေ့များနှင့် အမှုန်အမွှားများ ထွက်ရှိပါသည်။ ထို့အပြင်
အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများ ဆွေးမြည့် ခြင်းမှ မီသိန်း (CH4) ထွက်ရှိကာ လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်စေသည်။
သဘာဝကြောင့် ဖြစ်ပေါ်သော လေထုညစ်ညမ်းမှုများ
လေထုညစ်ညမ်းမှုဟုဆိုလျှင်
လူသားတို့၏ စက်မှုလုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများနှင့် ယာဉ်များကြောင့် ဖြစ်ရသည်ဟုသာ
အများစုက မြင်တတ်ကြသည်။ သို့သော် သဘာဝတရားကြီး ကိုယ်တိုင်ကလည်း လေထုကို
ညစ်ညမ်းစေနိုင်သော ဖြစ်စဉ်များစွာရှိပါသည်။ လူသားတို့၏ လုပ်ဆောင်ချက်များနှင့်
မတူညီဘဲ ဤသဘာဝဖြစ်စဉ်များသည် ကမ္ဘာဂြိုဟ်၏ ဇီဝရုပ်ဓာတုသံသရာ (Biogeochemical
Cycles) နှင့် ရာသီဥတုစနစ်၏ ပုံမှန် အစိတ်အပိုင်းများဖြစ်ပါသည်။
မီးတောင်ပေါက်ကွဲခြင်း-
မီးတောင် ပေါက်ကွဲမှုများသည် သဘာဝလေထု ညစ်ညမ်းမှု၏ အကြီးမားဆုံး အရင်းအမြစ်
တစ်ခုဖြစ်သည်။ ပေါက်ကွဲမှုဖြစ်သည့်အခါ မီးတောင်မှ ချော်ရည်၊ ပြာမှုန့်များ၊
ဆာလ်ဖာဒိုင် အောက်ဆိုက် (SO2)၊
ကာဗွန်ဒိုင်အောက်ဆိုက် (CO2)၊ ကလို ရင်း (Cl2) နှင့် ဖလူရင်း (F2) စသည့် ဓာတ်ငွေ့များ အကြီးအကျယ်ထွက်ရှိပါသည်။ ဤဓာတ်ငွေ့များနှင့် ပြာမှုန့်များသည်
လေထုတွင်ရှိနေကာ လေထုအရည် အသွေးကို ကျဆင်းစေပါသည်။
သဲမုန်တိုင်းများ -
ကန္တာရဒေသများတွင် ဖြစ်ပေါ်လေ့ရှိသော သဲမုန်တိုင်းများသည် လေထဲသို့ သဲနှင့် မြေမှုန့်များကို
မိုင်ပေါင်းများစွာ သယ်ဆောင်သွားနိုင်သည်။ ဤအမှုန်အမွှားများ (PM2.5 နှင့် PM10) သည် လူ့ကျန်းမာရေးကို
ထိခိုက်စေနိုင်ပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည်။
ဥပမာအားဖြင့် ဆာဟာရကန္တာရမှ သဲမှုန်များသည် ဥရောပနှင့် အမေရိကတိုက် အထိ ရောက်ရှိပါသည်။
သဘာဝအလျောက်
မီးလောင်ကျွမ်းခြင်း- သစ်တောများတွင် မိုးကြိုးပစ်ခံရခြင်း သို့မဟုတ်
ခြောက်သွေ့သော ရာသီတွင် သဘာဝအလျောက်မီးလောင် ကျွမ်းမှုများ ဖြစ်ပွားတတ်သည်။ အဆိုပါ
တောမီးများမှ ကာဗွန်မိုနောက်ဆိုက် (CO)၊
ကာဗွန်ဒိုင်အောက်ဆိုက် (CO2)၊ နိုက်ထရိုဂျင် အောက်ဆိုက်
(NOX)
နှင့် အမှုန်အမွှားများထွက်ရှိသည်။
ဤဓာတ်ငွေ့များနှင့် အမှုန်များသည် လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး မီးခိုးများသည်
အနီးအနားရှိ မြို့ကြီးများကို ဖုံးလွှမ်းသွားနိုင်သည်။
ပင်လယ်ရေမျက်နှာပြင်မှ
ဆားမှုန်များ- လေပြင်းများ တိုက်ခတ်သည့်အခါ ပင်လယ်ရေမျက်နှာပြင်မှ ဆားမှုန်များ (Sea Salt
Aerosols) သည် လေထဲသို့ ရောက်ရှိသွားသည်။ ဤဆားမှုန်များ
သည် လေထုတွင် အမှုန်အမွှားညစ်ညမ်းမှု ကို ဖြစ်စေနိုင်သော်လည်း မိုးတိမ်
ဖြစ်ပေါ်မှုကို အားပေးပါသည်။
အနံ့ဆိုးများထုတ်လွှတ်သော
ဇီဝဖြစ်စဉ်များ- ရွှံ့နွံများ၊ ရေကန်များနှင့် သဘာဝဓာတ်ငွေ့ ထုတ်လုပ်သော နေရာများတွင်
မီသိန်း (CH4) နှင့် ဟိုက်ဒရိုဂျင်ဆာလဖိုက်
(H2S)
ကဲ့သို့သော ဓာတ်ငွေ့များ သဘာဝအလျောက်ထွက်ရှိတတ်သည်။
ဤဓာတ်ငွေ့များသည် အနံ့ဆိုးများကိုဖြစ်စေပြီး လေထုညစ်ညမ်းမှုကို
အနည်းငယ်ဖြစ်စေနိုင်သည်။ အထက်ပါ အချက်များသည် သဘာဝကြောင့် ဖြစ်ပေါ်သော
လေထုညစ်ညမ်းမှုများ ဖြစ်ပါသည်။
သန့်ရှင်းသောလေအတွက် ကျွန်ုပ်တို့ တစ်ဦးချင်းစီက ပြုလုပ်နိုင်သော
လုပ်ဆောင်ချက်များ
သန့်ရှင်းသောလေအတွက်
နိုင်ငံတကာအဆင့် မူဝါဒပြောင်းလဲမှုများသာ လိုအပ်သည်မဟုတ်ပါ။ ကျွန်ုပ်တို့
တစ်ဦးချင်းစီက ပြုလုပ်နိုင်သော လုပ်ဆောင်ချက်ငယ်များစွာရှိပါသည်။
သယ်ယူပို့ဆောင်ရေးပုံစံ ပြောင်းလဲခြင်း
ကားအသုံးပြုမှုကို
လျှော့ချပါ။ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ပြည်သူ့သယ်ယူ ပို့ဆောင်ရေးကို
အသုံးပြုပါ။ လောင်စာဆီချွေတာသောကားများသို့မဟုတ် လျှပ်စစ်ကားများကို
ပိုမိုအသုံးပြုသင့်ပါသည်။
စွမ်းအင်ကို ချွေတာ၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံးပြုခြင်း
အိမ်တွင်းသုံးလျှပ်စစ်မီးကို
မလိုအပ်လျှင်ပိတ်ခြင်းနှင့် စွမ်းအင်ထိရောက်မှုရှိသော မီးသီးများနှင့်
ပစ္စည်းကိရိယာများကို အသုံးပြုသင့်ပါသည်။ ဖြစ်နိုင်လျှင် နေရောင်ခြည်စွမ်းအင်သုံး
သို့မဟုတ် လေစွမ်းအင်ကဲ့သို့ စိမ်းလန်းသော စွမ်းအင်ရွေးချယ်သုံးသင့်ပါသည်။
စွန့်ပစ်ပစ္စည်း လျှော့ချခြင်း (သို့မဟုတ်) ပြန်လည်အသုံးပြုခြင်း
စွန့်ပစ်ပစ္စည်းများ
မီးရှို့ခြင်းသည် လေထုညစ်ညမ်းမှုကို ဖြစ်စေသောကြောင့် စွန့်ပစ်ပစ္စည်းများကို
လျှော့ချကာ ပြန်လည်အသုံးပြု၍ရသည့် ပစ္စည်းများကို ပိုမိုသုံးစွဲသင့်ပါသည်။
ထို့အပြင် စနစ်တကျ စွန့်ပစ်ခြင်းဖြင့်လည်း လေထု ညစ်ညမ်းမှုကို လျှော့ချနိုင်ပါသည်။
မြန်မာနိုင်ငံအနေဖြင့်
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ပြဿနာများကို လျှော့ချနိုင်ရေး အတွက်
နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု ထိန်းချုပ်မှုဆိုင်ရာ အာဆီယံသဘော
တူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။
လေထုညစ်ညမ်းမှုသည် နယ်နိမိတ်ဖြတ်ကျော်သည့် သဘာဝရှိသည့်အတွက် အိမ်နီးချင်းနိုင်ငံများ
အကြားတွင် ဖြစ်ပေါ်လေ့ရှိသည့် နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုပြဿနာကို ကိုင်တွယ် ဖြေရှင်းရန်အတွက်
ဒေသအဆင့်၊ အမျိုးသားအဆင့်နှင့် နိုင်ငံတကာအဆင့် ပူးပေါင်း ဆောင်ရွက်မှုများကို
တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံသည်
လေထုညစ်ညမ်းမှုနှင့်အတူ ရာသီဥတုပြောင်းလဲမှုကိုပါ ဖြစ်ပေါ်စေသော မှန်လုံအိမ် ဓာတ်ငွေ့
ထုတ်လွှတ်မှုလျှော့ချရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်များ
အသုံးပြုရေး၊ အစိမ်းရောင်စီးပွားရေး ကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
အနာဂတ်မျိုးဆက်သစ်များကို သန့်ရှင်းသော လေထု၊ စိမ်းလန်းသောပတ်ဝန်းကျင်နှင့်
ကောင်းမွန်သော ဂေဟစနစ်များအား လက်ဆင့်ကမ်း အမွေပေးသွားနိုင်ရေးအတွက်
နိုင်ငံတကာနှင့် ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်လျက်ရှိပါသည်။
သက်ရှိ၊
သက်မဲ့အားလုံး ရှူရှိုက်နေရသော လေ၏အရည်အသွေးသည် သက်ရှိ၊ သက်မဲ့တို့၏ ကျန်းမာရေး၊
ပတ်ဝန်းကျင်နှင့် အနာဂတ်ကိုနက်ရှိုင်းစွာ အကျိုးသက်ရောက်မှုရှိပါသည်။ လေထု ညစ်ညမ်းမှုသည်
နယ်စပ်မရှိ၊ နိုင်ငံတစ်နိုင်ငံတည်း သို့မဟုတ် လူတစ်ဦးတည်း၏ ပြဿနာ မဟုတ်ပါ။ ၎င်းသည်
ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာပူးပေါင်း
ဆောင်ရွက်မှုကို လိုအပ်ပါသည်။ သန့်ရှင်းသောလေရရှိအောင် လှုပ်ရှားမှုသည်
အစိုးရများ၏ မူဝါဒချမှတ်ခြင်းနှင့် စက်မှုလုပ်ငန်းကြီးများ၏ ပြောင်းလဲမှုတို့ဖြင့်
မလုံလောက်ပါ။ တစ်ဦးချင်းစီ၏ နေ့စဉ်ဘဝတွင် ပြုလုပ်သော ရွေးချယ်မှုငယ်များမှလည်း
သန့်ရှင်းသောလေရအောင် ဆောင်ရွက်နိုင်ပါသည်။ ကျွန်ုပ်တို့အားလုံးတွင်
သန့်ရှင်းသောလေကို ရှူရှိုက်ခွင့်ရှိပြီး အနာဂတ်မျိုးဆက် သစ်များအတွက်
သန့်ရှင်းသောလေကို အမွေပေးရန်လည်း တာဝန်ရှိကြောင်း ရေးသားတင်ပြလိုက် ရပါသည်။ ။
ကိုးကား - https://www.moi.gov.mm/news/43966
No comments