ထရမ့်၏မဟာမိတ်နှင့် ကွန်ဆာဗေးတစ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ချာလီကာ့ခ် ပစ်ခတ်လုပ်ကြံခံရ



စက်တင်ဘာ ၁၁

 

အမေရိကန်သမ္မတထရမ့်၏မဟာမိတ်နှင့် ကွန်ဆာဗေးတစ်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ချာလီကာ့ခ်သည် အနောက်ပိုင်း Utah ပြည်နယ်တွင် ပစ်ခတ်လုပ်ကြံခံရသည်ဟု သိရသည်။

 

ချာလီကာ့ခ်သည် တက္ကသိုလ်ကျောင်းဝင်းအတွင်း အခမ်းအနားတစ်ခုတက်ရောက်နေစဉ် ယမန်နေ့မွန်းတည့်ချိန်ခန့်က အမည်မသိသူတစ်ဦး၏ ပစ်ခတ်လုပ်ကြံခြင်းခံခဲ့ရသည်။ ၎င်းအားဆေးရုံသို့ ပို့ဆောင်ခဲ့ရာ သေဆုံးသွားသည်ဟု ဖော်ပြထားသည်။

 

ထရမ့်က အမေရိကန်ပြည်ထောင်စုရှိ လူငယ်များ၏နှလုံးသားကို ချာလီထက် မည်သူမျှ နားမလည်နိုင်ကြောင်းနှင့် ချာလီကိုအားလုံးက လေးစားပြီးချစ်ကြကြောင်း လူမှုမီဒီယာတွင် ရေးသားဖော်ပြထားပြီး နိုင်ငံတစ်ဝန်းတွင် အလံများ တိုင်တစ်ဝက်လွှင့်တင်ရန်လည်း အမိန့်ပေးထားသည်ဟု သိရသည်။

 

ကာ့ခ်သည်နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များတွင် ကျောင်းသားများနှင့် စကားစစ်ထိုးခြင်း၊ ဆွေးနွေးပွဲများတွင် တက်ကြွစွာ ပါဝင်ခြင်းတို့ဆောင်ရွက်ခဲ့သည်။

 

ကာ့ခ်သည် ယမန်နှစ်က သမ္မတရွေးကောက်ပွဲတွင် ထရမ့်ကိုထောက်ခံရန် လူငယ်မဲဆန္ဒရှင်များကို ခေါ်ယူရာတွင် အဓိကအခန်းကဏ္ဍက ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

 

Utah အာဏာပိုင်များ၏ ပြောကြားချက်အရ လူအုပ်ကြီးစုဝေးနေစဉ် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး သေနတ်သမားတစ်ဦးက ကာ့ခ်ကိုပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

သေနတ်သမားကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း၊ မကြာသေးမီကပင် အမေရိကန်နိုင်ငံရေးသမားများကို ပစ်မှတ်ထားပစ်ခတ်ရန် ကြိုးပမ်းမှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

 

ကိုးကား-အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.