နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လူတိုင်းကိုယ်စီအမှန်တကယ်အလုပ်လုပ်(မြန်မာ့အလင်း)



 

မိမိတို့နိုင်ငံတွင် သဘာဝမှပေးထားသည့် အရင်းအမြစ်များ များစွာရှိပြီး အမှန်တကယ်အလုပ်လုပ်၍ အကျိုးရှိရှိ အသုံးချနိုင်မည်ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် အလုပ် လုပ်ကိုင်နိုင်ရေး အလုပ်အကိုင်ဖန်တီးပေးနိုင်ရမည်ဖြစ်ပြီး အမှန်တကယ်လည်း အလုပ်လုပ်ကြရန် လိုအပ်မည်ဖြစ် ကြောင်း နိုင်ငံတော်အကြီးအကဲ၏ တနင်္သာရီတိုင်းဒေသကြီး ခရီးစဉ်အတွင်း မြိတ်မြို့၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ရာ “ အမှန်တကယ် အလုပ်လုပ်ရန် ” ဟူသောအချက်ကို သတိမူမိကြမည်ဖြစ်သည်။

 

နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုဟုဆိုရာတွင် အခြေခံအကျ ဆုံးအချက်မှာ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုပင်ဖြစ်ပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဖြစ်ပေါ်လာအောင် စွမ်းဆောင်ကြသူများမှာ ထိုနိုင်ငံ၏ ပြည်သူများပင်ဖြစ်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် လူကိုအခြေခံ၍ လုပ်ရသည့် လုပ်ငန်းဖြစ်သည့် အတွက် ပြည်သူလူထု၏ တစ်ခဲနက်ပူးပေါင်းပါဝင်သည်နှင့်အမျှ အောင်မြင်သည့် လုပ်ငန်းဖြစ်သည်ဟု တောင်ကိုရီးယားနိုင်ငံကို ခေတ်မီဖွံ့ဖြိုး တိုးတက်သည့်နိုင်ငံဖြစ်လာအောင် ဦးဆောင်ပေးခဲ့သူ သမ္မတပတ်ချုံဟီး က ပြောကြားခဲ့သည်။ ပြည်သူလူထု၏ ပူးပေါင်းပါဝင် မှုဟု ဆိုရာတွင် တက်ကြွသည့်အရှိန်အဟုန်ဖြင့် ပါဝင်ဆောင်ရွက် သည့် ပြည်သူလူထု (Mass- dynamism) ကို ဆိုလိုကြောင်း ပညာရှင်တို့က ပြောကြားကြသည်။

 

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအပြင် နယ်ပယ်အသီးသီးတို့၌ပါ ပြည်သူတို့က တက်ကြွသော အရှိန်အဟုန်ဖြင့် ပါဝင်ရန်လိုအပ်သည်ဟုလည်း ဆိုကြသည်။ သို့ရာတွင် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်း၌ ပြည်သူတို့ပါဝင်ရန် လိုအပ်ကြောင်း အစိုးရတို့အနေဖြင့် နားလည် သဘောပေါက်သည့်တိုင်အောင် ပြည်သူတို့ကတက်ကြွသည့် အရှိန်အဟုန်ဖြင့် ပါဝင်လာအောင် မည်သို့ဆောင်ရွက်သင့်သည်ဆိုသည့် နည်းလမ်းပိုင်းတွင်မူ အခက်အခဲနှင့် ရင်ဆိုင်ကြရကြောင်း ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်မှု အတွေ့အကြုံများတွင် တွေ့ရှိကြရသည်ဟုလည်း ဆိုသည်။

 

နိုင်ငံကို ဖွံ့ဖြိုးတိုးတက်စေလိုသည့် စိတ်ဓာတ်သည် နိုင်ငံ့အကြီးအကဲ၊ ခေါင်းဆောင်များတွင်သာမက ပြည်သူလူထုတစ်ရပ်လုံးကပါ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးသည် တစ်မျိုးသားလုံး၏ စွမ်းအားဖြင့် မဖြစ်မနေ အကောင်အထည်ဖော်ရမည့် အမျိုးသားရေး ရည်မှန်းချက်ကြီးတစ်ရပ်ဖြစ်သည်ဟူသောအချက်ကို ပြည်သူ တစ်ဦးချင်းစီတိုင်းက လေးနက်စွာ နားလည်သဘောပေါက် ခံယူလာကြရန်လိုသည်။ ပြည်သူတို့က နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အမျိုးသားရေးစိတ်ဓာတ်နှင့်ယှဉ်၍ သိမြင်နားလည်ခံယူလာ အောင် အခြေအနေများ ဖန်တီးပေးရန် လိုအပ်မည်ဖြစ်ပြီး ယင်းသို့ ဖန်တီးပေးနိုင်မှသာ ပြည်သူတို့၏ စိတ်ဓာတ်တက်ကြွမှု အရှိန်အဟုန်ကြီးမားစွာ ပေါ်ပေါက်လာမည်ဟု ပညာရှင်တို့က ဆိုမိန့်သည်။ နမူနာအားဖြင့် တောင်ကိုရီးယားနိုင်ငံသည် ၁၉၆၀ ပြည့်လွန်နှစ်များမှစ၍ ပြည်သူတစ်ဦးချင်းစီတွင် ဖွံ့ဖြိုးရေး စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တစ်ခဲနက် ပါဝင်လာစေရန် လူထုဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တစ်ရပ်ကို ချမှတ်ဖော်ဆောင်ခဲ့သည်ကို တွေ့ရှိနိုင်သည်။

 

နိဂုံးချုပ်အားဖြင့်ဆိုပါက မိမိတို့နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရင်းအမြစ်များ၊ အခြေခံများ ရှိပြီးဖြစ်သော်လည်း အမှန်တကယ်အလုပ်လုပ်မည့်လူ့စွမ်းအားတို့ လိုအပ်နေသည်။ နိုင်ငံ၏ အရင်းအမြစ်များကို အကျိုးရှိရှိ၊ ထိထိရောက်ရောက် အသုံးချပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးစိတ်ဓာတ်ဖြင့် လူတိုင်းကကဏ္ဍအသီးသီးတွင် ဖိဖိစီးစီးအားသွန်ခွန်စိုက်လုပ်ကိုင် ဆောင်ရွက်ကြသည်နှင့်အမျှ ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို လျင်လျင်မြန်မြန်ရောက်ရှိနိုင်ပါမည့်အကြောင်း။

 

 

No comments

Powered by Blogger.