တရုတ်ပြည်သူ့သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်မြောက်နှင့် မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ခြင်း (၇၅) နှစ်မြောက်ဂုဏ်ပြုခြင်း အနုပညာဖျော်ဖြေပွဲ ကျင်းပ
ရန်ကုန် စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့
သမ္မတနိုင်ငံထူထောင်ခြင်း (၇၆) နှစ်မြောက်နှင့် မြန်မာ-တရုတ် သံတမန် ဆက်ဆံရေး ထူထောင်ခြင်း
(၇၅)နှစ်မြောက် ဂုဏ်ပြုခြင်းအနုပညာ ဖျော်ဖြေပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့
ဒဂုံမြို့နယ် မြို့မ ကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ကျင်းပသည်။ အခမ်းအနားသို့ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးမောင်မောင်အုန်းနှင့် ဇနီး၊
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်နှင့် ဇနီး၊
ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချောချောစိန်နှင့် တာဝန်ရှိသူများ၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စ မာကျား၊
မိတ်ဖက်အဖွဲ့အစည်းများ၊ တရုတ်နိုင်ငံ ဝူအော်ပရာအဖွဲ့သားများ၊ သာသနာရေးနှင့်
ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များ၊ ကျောင်းသား
ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
နှုတ်ခွန်းဆက်စကား ပြောကြား
ဦးစွာ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များက “ရာမာယဏ”
ဇာတ်တော်ထဲမှ “ရာမသမင်လိုက်ခန်း” ဖြင့် ကပြဖျော်ဖြေသည်။ ထို့နောက် မြန်မာ
နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံအမတ်ကြီး မစ္စမာကျား က ကြိုဆိုနှုတ်ခွန်းဆက်စကား
ပြောကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယနေ့ခေတ်တွင်
နိုင်ငံအလိုက် အမျိုးသားရေး လက္ခဏာပုံရိပ်များကို အပြည့်အဝဖော်ထုတ်
မိတ်ဆက်ပြသနိုင်ရန် “ယဉ်ကျေး မှုရေးရာ သံခင်းတမန်ခင်း”ကို နူးညံ့သောစွမ်းအား (Soft Power) အဖြစ် အသားပေး စီစဉ် ဆောင်ရွက်လာကြသကဲ့သို့ မြန်မာနိုင်ငံအနေဖြင့်လည်း
ရိုးရာယဉ်ကျေးမှုနှင့် စရိုက်လက္ခဏာများကို ဖော်ထုတ်ပြသခဲ့ခြင်း ဖြစ်ပါ ကြောင်း၊
ယင်းမှာ ကမ္ဘာ့နိုင်ငံတိုင်း အားလုံးလိုလိုက ယဉ်ကျေးမှုရေးရာ
သံခင်းတမန်ခင်းများကို မိမိတို့၏ ကိုယ်ပိုင်နည်းလမ်းများဖြင့်
ဖော်ထုတ်မိတ်ဆက်နေကြပြီး နိုင်ငံအချင်းချင်း ချစ်ကြည်ရေး တည်တံ့ခိုင်မြဲစေရန်နှင့်
မိမိတို့၏ ကိုယ်ပိုင်ယဉ်ကျေးမှု စရိုက် လက္ခဏာများကို အခြားနိုင်ငံများနှင့်မတူညီသည့်
လူမှုအဖွဲ့အစည်းများက လေးစားတန်ဖိုးထားလာ ကြစေရန် ကြိုးပမ်းဆောင်ရွက်ကြခြင်းပင်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်ကာလတွင် နူးညံ့သည့် စွမ်းအားက ခိုင်မာတောင့်တင်းသော ရုပ်ပိုင်းဆိုင်ရာစွမ်းအား (Hard Power) ထက် ပိုမို အားကောင်း လာသည်မှာ ငြင်း၍မရသည့်
အချက်ဖြစ်သည်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ဖျော်ဖြေတင်ဆက်မည့်
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၏ အဓိကဒေသန္တရ အော်ပရာဇာတ်အမျိုး
အစားဖြစ်သော “ကျင်းဟွာ” အော်ပရာဟု အသိများသည့် “ဝူအော်ပရာ” သည် နှစ်ပေါင်း ၅၀၀
ကျော် သမိုင်းကြောင်း ရှိနေ ပြီဟု သိရပါကြောင်း၊ ဝူအော်ပရာ
ဇာတ်အဖွဲ့သည် ယခုနှစ်အတွင်း ဂျာမနီ၊ စပိန်၊ အန်ဒိုရာနိုင်ငံတို့၌ ဖျော်ဖြေတင်ဆက်ခဲ့သည်ဟု
သိရ ပါကြောင်း၊ ယခုလို နာမည်ကြီးသည့် ဝူအော်ပရာအဖွဲ့၏ ဖျော်ဖြေတင်ဆက်မှုကို
မြန်မာပရိသတ်များ ကြည့်ရှုခွင့် ရခြင်းကြောင့် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါ
သည်ဟုလည်း ပြောကြားလိုပါကြောင်း။
ဝူအော်ပရာဖြင့် ကပြဖျော်ဖြေ
အလားတူ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနု ပညာဦးစီးဌာနမှ အနုပညာရှင် များကလည်း
အစဉ်အလာကြီးမား ခံ့ညားသော “ရာမာယဏ” ဇာတ်တော်ထဲမှ အဓိကဇာတ်ဝင် ခန်းများဖြစ်သည့်
“ရာမသမင် လိုက်ခန်း” နှင့် “ဒဿပန်း စိုက်ခန်း”များဖြင့် ပါဝင်ကပြ
ဖျော်ဖြေကြမည်ဖြစ်၍ နှစ်နိုင်ငံ ယဉ်ကျေးမှုဖလှယ်ခွင့် ရရှိမည် ဖြစ်သကဲ့သို့
မြန်မာ့အနုပညာ အဆင့်အတန်းကို ဖော်ထုတ်ပြသ နိုင်မည် ဖြစ်သည့်အတွက်
ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ယခုကဲ့သို့ တရုတ်-မြန်မာ နှစ်နိုင်ငံ၏
ယဉ်ကျေးမှုဖလှယ်မှုများ၊ အပြန်အလှန်လေ့လာ သင်ယူမှုများသည် နှစ်နိုင်ငံ
ပြည်သူများအကြား ချစ်ကြည် ရင်းနှီးမှုကို ပိုမိုတိုးတက်စေပြီး
နိုင်ငံအဆင့်တွင်လည်း ဆက်ဆံရေးခိုင်မာမှုကို တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါကြောင်း၊
ထို့ကြောင့် နှစ်နိုင်ငံယဉ်ကျေးမှု သံယောဇဉ် ကို ကဏ္ဍစုံမှ ဆက်လက်ပြီး ထိန်းသိမ်း
မြှင့်တင်ရန်လည်း တိုက်တွန်း ပြောကြားလိုပါ ကြောင်း ပြောကြားသည်။
ဆက်လက်၍
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသန ဌာန
ကျဲ့ကျန်းဝူးကဇာတ်အဖွဲ့က “ကျင်းဟွာ”အော်ပရာဟု အသိများသည့် ဝူအော်ပရာဖြင့် ကပြ
ဖျော်ဖြေကြသည်။
အမှတ်တရပန်းခြင်း ပေးအပ်
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ကပြဖျော်ဖြေ သည့်
တရုတ်နိုင်ငံ ကျဲ့ကျန်း ပြည်နယ် ဝူအော်ပရာ အနုပညာယဉ်ကျေးမှုသုတေသနဌာန ကျဲ့ကျန်းဝူး
ကဇာတ်အဖွဲ့အား အမှတ်တရပန်းခြင်း နှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး
မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စမာကျားက
သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ အနုပညာရှင်များအား
အမှတ်တရပန်းခြင်း ပေးအပ်သည်။
ယင်းနောက်
ပြည်ထောင်စု ဝန်ကြီးများနှင့် သံအမတ်ကြီးတို့သည် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့်
တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ အနုပညာယဉ်ကျေးမှု သုတေသနဌာန ကျဲ့ကျန်းဝူး
ကဇာတ်အဖွဲ့နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနမှ
အနုပညာရှင်များနှင့်အတူ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
စက်တင်ဘာ ၂၁ ရက်တွင် ကျဲ့ကျန်းပြည်နယ် ဝူအော်ပရာ သုတေသနဌာန ကျဲ့ကျန်းဝူး ကဇာတ်အဖွဲ့သည် ရန်ကုန်မြို့အမျိုးသားဇာတ်ရုံ၌
မွန်းလွဲ ၃ နာရီတွင် ပရိသတ်များအား ဆက်လက်ကပြ ဖျော်ဖြေသွားမည် ဖြစ်သည်။
အဆိုပါအော်ပရာအဖွဲ့ က နိုင်ငံပေါင်း ၂၆ နိုင်ငံတွင် အကြိမ်ပေါင်း ၂၀၀ ကျော်
ဖျော်ဖြေ တင်ဆက်ခဲ့ပြီး မြန်မာနိုင်ငံတွင် ယခု ပထမဆုံးအကြိမ်အဖြစ် လာရောက်
ဖျော်ဖြေတင်ဆက် ခြင်းဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments