နိုင်ငံတော်အကြီးအကဲ၏ သမိုင်းဝင်ခြေလှမ်း သမိုင်းမှတ်တမ်း (ကြေးမုံ)
စာဖတ်ပရိသတ်တစ်ဦး
ဩဂုတ်လ ၃၁
ရက်မှနေ့သည် စက်တင်ဘာလ ၇ ရက်နေ့အထိထုတ်ဝေခဲ့သော နိုင်ငံပိုင်သတင်းစာများကို
ကျွန်တော်မှတ်မှတ်ရရ ရွေးထုတ်လျက်ရှိသည်။ သာမန်အားဖြင့်ဆိုမူ ဖတ်ရှုပြီးသတင်းစာအဟောင်းများကို
စက္ကူအဟောင်းဝယ်သူထံ ပိဿာချိန်ဖြင့် ပြန်လည်ရောင်းချလေ့ ရှိသော်လည်း
မှတ်တမ်းမှတ်ရာအဖြစ်ထားရှိရမည့်၊ ထားရှိသင့်သည့် သတင်းစာအချို့ကိုမူ
သီးသန့်ဖိုင်တွဲ၍ သိမ်းဆည်းထားလေ့ရှိပါသည်။
ဆိုခဲ့ပါ
ထိုနေ့ထိုရက်ထုတ်သတင်းစာများကိုလည်း ဖိုင်တွဲ၍မှတ်တမ်းအဖြစ် သိမ်းဆည်းထား
ရန်ဖြစ်သည်။ မှတ်တမ်းဟူ၍ မည်ကာမတ္တမှတ်တမ်းမျိုးမဟုတ်။ နိုင်ငံတော်၏
သမိုင်းမှတ်တမ်း၊ နိုင်ငံတော်အတွက် သမိုင်းဝင်ခြေလှမ်းတစ်ရပ်ဟုဆိုရပါမည်။
အလုပ်သဘောခရီးစဉ်သွားရောက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင်ဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi
Jinping ၏ ဖိတ်ကြားချက်အရ ဩဂုတ်လ ၃၀ ရက် နေ့မှ စက်တင်ဘာလ ၆ ရက်နေ့အထိ
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ပြီး နိုင်ငံတော်၏ ဂုဏ်သိက္ခာနှင့်
အကျိုးစီးပွားကို ကမ္ဘာ့အလယ်တွင် မြှင့်တင်စွမ်းဆောင်ပေးနိုင်ခဲ့၍ ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲသည်
အလုပ်သဘောခရီးစဉ်အတွင်း သမိုင်းဝင်အစည်းအဝေးနှင့် သမိုင်းဝင် အခမ်းအနားများဟု ဆိုရမည့်
နိုင်ငံပေါင်း ၂၆ နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များ၊ ကုလသမဂ္ဂ
အတွင်းရေးမှူးချုပ်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ခေါင်းဆောင်များ
တက်ရောက်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေး (SCO Summit
2025 Plus )နှင့် တရုတ် ပြည်သူများ၏
ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲအောင်နိုင်ခြင်း
နှစ်(၈၀)ပြည့် အထိမ်းအမှတ် စစ်ရေးပြအခမ်းအနား တို့သို့ တက်ရောက်ခဲ့သည်။
SCO ထိပ်သီးအစည်းအဝေးတွင် နိုင်ငံတော်အကြီးအကဲသည် SCO ၏ ဆွေးနွေးဖက်နိုင်ငံ ဖြစ်သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုယ်စား
ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပြီး ပထဝီ နိုင်ငံရေးအရ မြန်မာနိုင်ငံ၏ အချက်အချာကျကျတည်ရှိမှု၊
ရာသီဥတုကောင်းမွန်မျှတမှုရှိသည့်အတွက် မြန်မာ့ စိုက်ပျိုးရေးကဏ္ဍ
ဖွံ့ဖြိုးတိုးတက်မှုမှသည် စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုဖွံ့ဖြိုးတိုးတက်မှုဆီကို
ဦးတည်ဆောင်ရွက်နိုင်မည့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းကောင်းများနှင့်
SCO
၏ မူဘောင်များအောက်မှ ပါဝင်ကာ
ဒေသလုံခြုံရေးနှင့် ခေတ်မီနည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက်
ပူးပေါင်းဆောင်ရွက် သွားလိုသည်များကို ဆွေးနွေးပြောကြားခဲ့ရုံမက
မြန်မာနိုင်ငံအနေဖြင့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု အဖွဲ့(SCO)၏ အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်လာနိုင်ရေးအတွက် ထောက်ခံ ပေးနိုင်ရန်
တရားဝင် အဆိုပြုဆွေးနွေးပြောကြားခဲ့သည်။
ထို့အတူ
နိုင်ငံတော်အကြီးအကဲသည် အလုပ်သဘောခရီးစဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ၊
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံ သမ္မတတို့နှင့်
တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့ပြီး SCO အစည်းအဝေး တက်ရောက်ရာတွင် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်အပါအဝင်
အခြားနိုင်ငံ့ခေါင်းဆောင် များနှင့်လည်း အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှုများ
ပြုလုပ်ခဲ့ရာ နိုင်ငံရေးအရလည်းကောင်း၊ နိုင်ငံတကာရေးအရလည်းကောင်း
အသိအမှတ်ပြုမှုများ၊ မိမိတို့နိုင်ငံတွင်ကျင်းပတော့မည့် ရွေးကောက်ပွဲအပေါ်
အသိအမှတ်ပြု ထောက်ခံအားပေးမှုများကိုရရှိခဲ့ရာ နိုင်ငံအတွက်အကျိုးကျေးဇူး များစွာ
ဖြစ်ထွန်းရရှိစေခဲ့သည်။
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့
“အိမ်နီးနားချင်းများဟာ
ရပ်ဝေးက ဆွေမျိုးသားချင်းများထက် အားကိုးရတယ်” ဟူသည့် တရုတ် ဆိုရိုးစကားနှင့်အညီ နိုင်ငံတော်အကြီးအကဲနှင့်
တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ H.E. Mr. Xi Jinping တို့၏တွေ့ဆုံဆွေးနွေးမှုသည် ရှိရင်းစွဲ တရုတ်-မြန်မာ
ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး၊ နှစ်နိုင်ငံ အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ရေး၊
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့ရုံမက မြန်မာနိုင်ငံ၏ တည်ငြိမ်အေးချမ်းရေးအတွက်
တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော ရပ်တည်ချက်များ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးတည်ဆောက်မှုများအပေါ်
ထောက်ခံအားပေးမှုနှင့်အတူ နိုင်ငံတကာ မျက်နှာစာ၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် ဆက်ဆံရေးတို့၌
မြန်မာနိုင်ငံအနေဖြင့် သိက္ခာမြင့်မားစွာ ရပ်တည်နိုင်ရေး၊ မြန်မာနိုင်ငံ၏
နိုင်ငံရေး၌ ပြည်ပမှဝင်ရောက် စွက်ဖက်မှုကို ဆန့်ကျင်မှု စသည့်ကိစ္စရပ်များကို
ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့သည်။
ထို့အတူ
နိုင်ငံတော်အကြီးအကဲသည် အိန္ဒိယ နိုင်ငံဝန်ကြီးချုပ် H.E. Mr. Shri
Narendra Modi နှင့် တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား နယ်စပ်ဒေသတည်ငြိမ်
အေးချမ်းရေး၊ ကုန်သွယ်ရေးကဏ္ဍမြှင့်တင်ရေး၊ နှစ်နိုင်ငံအစိုးရအချင်းချင်း
ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်ရေးနှင့်
တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာကိစ္စရပ်များအပြင်
မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
အိန္ဒိယနိုင်ငံက ထောက်ခံအားပေး လျက်ရှိမှုနှင့် ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များ
စေလွှတ်ပေးသွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံအား SCO အဖွဲ့ဝင်ဖြစ်စေရေး အိန္ဒိယ နိုင်ငံက ထောက်ခံအားပေးလျက်ရှိမှုအခြေအနေ များနှင့်
အခြားကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ
ဆက်လက်မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ်
ဆွေးနွေးခဲ့ကြသည်။
အလားတူ
နိုင်ငံတော်အကြီးအကဲသည် အခြားနိုင်ငံ့ခေါင်းဆောင်များနှင့် တွေ့ဆုံရာတွင်လည်း
နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၌ လာမည့်ဒီဇင်ဘာလတွင် ကျင်းပမည့်
ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပြုလုပ်မည့်အခြေအနေများကို
ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံအပေါ် အပြည့်အဝရပ်တည် ထောက်ခံမှုများကို ရယူစွမ်းဆောင်နိုင်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲသည်
အလုပ်သဘော ခရီးစဉ်အတွင်း နိုင်ငံတော်၏ စီးပွားရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍများ
ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မနားမနေကြိုးပမ်းဆောင်ရွက် ခဲ့ပြန်ပါသည်။
နိုင်ငံတော်အကြီးအကဲသည်
ဟေလုံကျန်း ပြည်နယ်နှင့် စီချွမ်ပြည်နယ်တို့သို့ရောက်ရှိစဉ် အတွင်း
ယင်းပြည်နယ်များ၌ ခေတ်မီဒစ်ဂျစ်တယ် နည်းပညာများ၊ AI စနစ်များဖြင့် အသုံးပြု ဆောင်ရွက်လျက် ရှိသည့် စိုက်ပျိုးရေးလုပ်ငန်းများ ကို
လေ့လာခဲ့သည်။
ထို့အတူ
နိုင်ငံတော်အကြီးအကဲသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ တီယန်ကျင်းမြို့နှင့်
စီချွမ်ပြည်နယ် ချန်ဒူးမြို့တို့၌ကျင်းပသည့် “မြန်မာ-တရုတ်
စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးတွေ့ဆုံပွဲ”တွင် တက်ရောက်လာကြသည့်
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံလိုသည့်ပုဂ္ဂိုလ်များ နှင့်
ရင်းနှီးမြှုပ်နှံထားသည့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ၊ စီးပွားရေးပညာရှင်များအား
မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေး အားသာချက်များနှင့်အတူ စီးပွားရေးအရ ကုန်သွယ်မှု၊
ရင်းနှီးမြှုပ်နှံမှု၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် ဆောင်ရွက်ရရှိ နိုင်မည့်
စီးပွားရေးအခွင့်အလမ်းများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာပြောကြားခဲ့ပြီး
အဖွဲ့ဝင်အဖြစ် လိုက်ပါလာကြသည့် ပြည်ထောင်စုဝန်ကြီးများကလည်း ပြည့်ပြည့်စုံစုံ
ရှင်းလင်း ပြောကြားခဲ့ကြသည်။
တရုတ်ကုန်သည်များနှင့်
စီးပွားရေးလုပ်ငန်းရှင်များကလည်း စိတ်ဝင်တစား ပါဝင်ဆွေးနွေးပြောကြား ခဲ့မှုများ၊
လာရောက်တွေ့ဆုံ တက်ရောက်မှုများရှိခဲ့၍ နှစ်နိုင်ငံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု
အခွင့်အလမ်းနှင့် ရလဒ် ကောင်းများကို ပိုမိုရရှိဖြစ်ထွန်းစေခဲ့သည်။
ဘက်စုံ၊ ကဏ္ဍစုံ အကျိုးဖြစ်ထွန်းစေခဲ့
အချုပ်အားဖြင့်ဆိုရသော်
ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာ လ ၆ ရက်နေ့အထိ
သွားရောက်ခဲ့သည့် အလုပ် သဘောခရီးစဉ်သည် နိုင်ငံတော်၏ နိုင်ငံရေးနှင့်
နိုင်ငံတကာဆက်ဆံရေး၊ စီးပွားရေး၊ ငလျင်ဘေး အလွန် ပြန်လည်ထူထောင်ရေး စသည်ဖြင့်
ဘက်စုံ၊ ကဏ္ဍစုံ အကျိုးဖြစ်ထွန်းစေခဲ့သည်ဟု ဆိုရပေမည်။
နိုင်ငံတော်အကြီးအကဲ
ကိုယ်တိုင်ကလည်း ချန်ဒူးမြို့၌ တရုတ်နိုင်ငံသတင်းမီဒီယာများ၏ မေးမြန်းမှုများကို
ပြန်လည်ဖြေကြားခဲ့ရာတွင် “ကျွန်တော် တရုတ်နိုင်ငံကိုလာတာ (၁၂) ကြိမ် မြောက် ခရီးစဉ်ဖြစ်ပါတယ်။
ဒီ (၁၂) ကြိမ်မြောက် ခရီးစဉ်မှာ ဒီခရီးစဉ်က အအောင်မြင်ဆုံးခရီးစဉ် တစ်ခုလို့
ကျွန်တော်ပြောလိုပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
နိုင်ငံတော်အကြီးအကဲ၏
တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့သွားရောက်ခဲ့သည့် အလုပ်သဘော ခရီးစဉ်အတွင်း
အောင်မြင်မှုများကို ဂုဏ်ပြုအသိအမှတ်ပြုသည့်အနေဖြင့် နိုင်ငံတော်အကြီးအကဲ ဦးဆောင်သည့်
အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား မြန်မာနိုင်ငံသား တရုတ်နွယ်ဖွားပြည်သူများ၊
တရုတ်ရိုးရာနဂါးနှင့် ခြင်္သေ့အကအဖွဲ့၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့်
အကအဖွဲ့များ၊ ဘာသာ ပေါင်းစုံအသင်းအဖွဲ့များ၊ အနုပညာရှင်များနှင့် ဒေသခံပြည်သူများက
နေပြည်တော် တပ်မတော် လေဆိပ်၌ သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြု နှုတ်ဆက်ခဲ့ကြသည်။
ကျွန်တော်သည်
ဤသို့လျှင် နိုင်ငံတော်အကြီးအကဲ၏ သမိုင်းဝင်ခြေလှမ်းများကို နိုင်ငံပိုင်မီဒီယာ၊
သတင်းစာများမှတစ်ဆင့် တွေ့မြင်ခဲ့ရပေသည်။ သမိုင်းမှတ်တမ်းတစ်ရပ်အဖြစ်လည်း
သိမ်းဆည်း မှတ်တမ်းတင်မိပေသည်။
No comments