လှိုင်မြို့နယ်၌ သက်ကြီးပုဂ္ဂိုလ်များအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး
လှိုင် စက်တင်ဘာ ၁၇
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သွေးတိုး၊ ဆီးချို ရောဂါကုသမှု ဆေးခန်း၌ မိဘပြည်သူများနှင့် ဘိုးဘွားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ရင်ဘတ်ဓာတ်မှန်ရိုက်ပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးသည်။
စစ်ဆေးကုသပေး
ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ဝေဆင့်ကျော်နှင့် ဝန်ထမ်းများက ဘိုးဘွားများအား ဆီးချို၊ သွေးချို၊ သွေးတိုးရောဂါများကို စစ်ဆေးကုသပေးခြင်း၊ ၁၀ မိနစ်စာ ခုံထိုင်လေ့ကျင့်ခန်း ပြုလုပ်ခြင်းနှင့် သက်ကြီးကျန်းမာရေးဆိုင်ရာ စကားဝိုင်းများဖြင့် အသိပညာဖလှယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
ထို့ပြင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံကိန်းမှ သက်ကြီးပုဂ္ဂိုလ်များအား ရင်ဘတ် ဓာတ်မှန်ရိုက်ခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် လိုအပ်သည့် လူနာများအား ပြည်သူ့ဆေးရုံကြီးသို့ ညွှန်းပို့ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး စုစုပေါင်းသက်ကြီးပုဂ္ဂိုလ် ၁၄၀ အား ရင်ဘတ်ဓာတ်မှန် ရိုက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)
No comments