ကုလသမဂ္ဂ အထွေထွေညီလာခံက အစ္စရေးနှင့် ပါလက်စတိုင်းအတွက် နှစ်နိုင်ငံဖြေရှင်းချက်ကို ထောက်ခံအတည်ပြု
ကုလသမဂ္ဂ စက်တင်ဘာ ၁၃
ကုလသမဂ္ဂ အထွေထွေညီလာခံက အစ္စရေးနှင့်
ပါလက်စတိုင်းအတွက် နှစ်နိုင်ငံဖြေရှင်းချက်ကို ထောက်ခံသည့် ဆုံးဖြတ်ချက်ကို ယမန်နေ့တွင်
အတည်ပြုခဲ့ကြောင်း သိရသည်။
၎င်းဆုံးဖြတ်ချက်သည် နယူးယောက်ကြေညာ
စာတမ်းဟု လူသိများသည့် ကြေညာချက်ကို အတည်ပြု ထောက်ခံခြင်းဖြစ်သည်။
အဆိုပါကြေညာချက်ကို မဲခွဲဆုံးဖြတ်ရာတွင်
ဂျပန်နိုင်ငံအပါအဝင် စုစုပေါင်းအဖွဲ့ဝင် ၁၄၂ နိုင်ငံက ထောက်ခံမဲ ပေးခဲ့ကြသည်။ ၁၂ နိုင်ငံက
ကြားနေမဲဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးတို့ အပါအဝင် ၁၀ နိုင်ငံက ကန့်ကွက်မဲပေးခဲ့ကြောင်း
သိရသည်။
အဆိုပါ စာတမ်းကို ပြင်သစ်နှင့် ဆော်ဒီအာရေးဗီးယား
ပူးတွဲဥက္ကဋ္ဌများက ဇူလိုင်လတွင်ကျင်းပသည့် ကုလသမဂ္ဂအဖွဲ့၏ ညီလာခံတစ်ခုတွင် တင်ပြခဲ့ခြင်းဖြစ်သည်။
အဆိုပါ စာတမ်းသည် အစ္စရေးနှင့် ပါလက်စတိုင်း
နှစ်နိုင်ငံစလုံး၏ တရားဝင်ဆန္ဒများကို ဖြည့်ဆည်းရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
ဂါဇာဒေသ၌ ဟားမတ်စ်အဖွဲ့၏အုပ်ချုပ်မှုကို
အဆုံးသတ်ရန်နှင့် ၎င်း၏လက်နက်များကို ပါလက် စတိုင်း အာဏာပိုင်များထံ လွှဲပြောင်းပေးရန်
ဟားမတ်စ်အဖွဲ့ကို စာတမ်းတွင် တိုက်တွန်းထားသည်။ ထို့ပြင် အရှေ့ဂျေရုဆလင်အပါအဝင် သိမ်းပိုက်ထားသော
ပါလက်စတိုင်းနယ်မြေအတွင်း အခြေချ နေထိုင်မှုနှင့် သိမ်းယူမှုအားလုံးကို ချက်ချင်းရပ်တန့်ရန်
အစ္စရေးအစိုးရကိုလည်း တောင်းဆိုထားသည်။
အဆိုပါကြေညာချက်ကို မဲခွဲဆုံးဖြတ်ခြင်းမပြုမီ
ကုလသမဂ္ဂဆိုင်ရာ အစ္စရေးသံအမတ်ကြီး ဒန်နီဒန် နွန်က ပြင်းထန်စွာ ဝေဖန်ခဲ့သည်။ ၎င်းကြေညာချက်သည်
ငြိမ်းချမ်းရေးအတွက် အထောက်အကူပြု မည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၂ ရက်တွင်ကျင်းပမည့် ကုလသမဂ္ဂက
ထိပ်သီးညီလာခံအဆင့် ညီလာခံ၌ နှစ်နိုင်ငံ ဖြေရှင်းချက်ကို အကောင်အထည်ဖော်ပြီး ငြိမ်းချမ်းရေးအရှိန်ကို
ထပ်မံမြှင့်တင်ရန် ဆက်လက်ဆွေးနွေး မည်ဖြစ်သည်။ ပြင်သစ်နိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံအချို့ကလည်း
ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြောင်း ကြေညာဖွယ်ရှိကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်
No comments