ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတက်ရောက်
စစ်တွေ စက်တင်ဘာ ၁၆
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့
အခမ်းအနားကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်
ဦးထိန်လင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊
မြို့မိမြို့ဖများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသူများ
တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က
ယခုနှစ်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အစီအစဉ်များကို ၂၀၂၅ ခုနှစ်
ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့်(From Science to Global
Action) အိုဇုန်းလွှာကာကွယ် ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက် ပေးဆောင်ပုဒ်ဖြင့်
နိုင်ငံတော်အဆင့်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များတွင်လည်း အခမ်းအနားများ ကျင်းပလျက်ရှိကြောင်း။
အိုဇုန်းလွှာပျက်စီးစေတတ်သော ဒြပ်ပစ္စည်းများနှင့်
ကမ္ဘာ့ပူနွေးမှုအလားအလာမြင့်မားသည့် ဟိုက်ဒရိုဖလူရို ကာဗွန်(HFCs) အမျိုးအစား အအေးပေးဒြပ်ပစ္စည်းများသုံးစွဲမှုကို
လျှော့ချထိန်းချုပ်ရန် နှင့် နောင်လာမည့် နှစ်(၄၀)ကာလများဖြစ်သည့် ၂၀၆၀ နှင့် ၂၀၇၅
ခုနှစ်အကြားတွင် ၁၉၈၀ ပြည့်နှစ် မတိုင်မီကာလက အိုဇုန်းလွှာ၏ အထူပမာဏအထိ အကောင်းပကတိဖြစ်စေရေး
ရည်မှန်းချက်ထား၍ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံများ ပူးပေါင်း အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိသည့် အတွက် မိမိတို့ပြည်နယ်သူ၊ ပြည်နယ်သားများသည်လည်း မွန်ထရီရယ် နောက်ဆက်တွဲစာချုပ်၏
သဘောတူညီချက်အရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အိုဇုန်းလွှာပါးလွှာလာမှုကို လျော့ပါးစေရေး
အိုဇုန်းလွှာ ထိန်းသိမ်းကာကွယ်ခြင်း လုပ်ငန်းစဉ်များကို ဆက်စပ်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်း
များနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ဆောင်ရွက်ခြင်းဖြင့် လူသားများနှင့် ကမ္ဘာပေါ်ရှိသက်ရှိများကို
ကောင်းမွန်သော အိုဇုန်းလွှာဖြင့် ဆက်လက်၍ အကာအကွယ် ပေးသွားနိုင်ရေး ပြောကြားသည်။
ဆက်လက်၍ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်
Mr. Antonio Guterres က ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်
သဝဏ်လွှာမှတ်တမ်းဗီဒီယိုကို လည်းကောင်း၊ ကမ္ဘာ့ကုလသမဂ္ဂပတ်ဝန်းကျင် အစီအစဉ်(UNEP) အမှုဆောင်ညွှန်ကြားရေးမှူး၏
အမှာစကားမှတ်တမ်းဗီဒီယိုကိုလည်းကောင်း၊ ၂၀၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့
အထိမ်းအမှတ် အသိပညာပေး ဗီဒီယိုကိုလည်းကောင်းပြသပြီး ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားသို့
တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)

No comments