နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ပေကျင်းမြို့ရှိ စစ်ဘက်နည်းပညာဆိုင်ရာ ကုမ္ပဏီများအား လှည့်လည်ကြည့်ရှုလေ့လာ နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေများ ဆွေးနွေးညှိနှိုင်း
နေပြည်တော်
စက်တင်ဘာ ၂၀
တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ပေကျင်းမြို့၌ ရောက်ရှိနေသည့် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေး ကော်မရှင်အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေး ဦးဆောင်သည့်
ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၉ ရက်တွင် (12th Beijing Xiangshan Forum) ဒုတိယနေ့၊ နောက်ဆုံးနေ့ စုံညီအစည်းအဝေး တတိယပိုင်းနှင့်
စတုတ္ထပိုင်း (3rd and 4th Plenary Session) သို့
တက်ရောက်ခဲ့သည်။
စက်တင်ဘာ ၁၈
ရက်နှင့် ၁၉ ရက်ညနေပိုင်းတို့တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပေကျင်း အခြေစိုက်
စစ်ဘက်ဆိုင်ရာ အဆင့်မြင့်စက်မှုနည်းပညာဆိုင်ရာ ကုမ္ပဏီများသို့သွားရောက်၍
မောင်းသူမဲ့ လေယာဉ်ထုတ်လုပ်မှုများ၊ လေကြောင်းနည်းပညာဆိုင်ရာ ပစ္စည်းများ၊
အီလက်ထရောနစ် စစ်ဆင်ရေးနှင့် လေကြောင်းရန် ကာကွယ်ရေးနည်းပညာဆိုင်ရာ
စစ်လက်နက်ပစ္စည်းများကို လေ့လာ ကြည့်ရှုပြီး နည်းပညာပူးပေါင်းဆောင်ရွက်နိုင်မှု
အခြေအနေများကို ကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဆွေးနွေး ညှိနှိုင်းကြသည်။
စက်တင်ဘာ ၂၀ ရက်
နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည်
တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံရုံး၌ မြန်မာ စစ်သံ(ကြည်း၊ ရေ၊ လေ)
နှင့် မြန်မာသံရုံး၊ စစ်သံရုံးတို့မှ အရာထမ်း၊ အမှုထမ်းများ၊ သံရုံးမိသားစုများ၊
ပေကျင်းမြို့တွင် သင်တန်း တက်ရောက် နေကြသည့် သင်တန်းသားများနှင့်တွေ့ဆုံပြီး
ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်၏ လက်ရှိဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို
ရှင်းလင်းပြောကြားကာ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပေကျင်းမြို့ Capital လေဆိပ်မှတစ်ဆင့် လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာခဲ့ရာ
ညပိုင်းတွင် ရန်ကုန်မြို့သို့ ရောက်ရှိ ကြကြောင်း သိရသည်။
သတင်းစဉ်
No comments