လူမှုစီးပွားဘဝ မြင့်မားတိုးတက်စေရေး ဒေသတွင်းကုန်ထုတ်လုပ်ငန်းများမြှင့်တင် (ကြေးမုံ)
တနင်္သာရီတိုင်းဒေသကြီးသည်
ရေ၊ မြေ၊ သဘာဝကောင်းမွန်ပြီး စိုက်ပျိုးရေးနှင့် ရေလုပ်ငန်းများ
တိုးတက်ထွန်းကားသော တိုင်းဒေသကြီးဖြစ်သည်။ ရေထွက်ကုန်နှင့်
ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ပြီး ဆီအုန်းနှင့်ရော်ဘာ စက်မှု ကုန်ကြမ်းပင်များ
ကောင်းစွာဖြစ်ထွန်းသည်။ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်
လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး
မင်းအောင်လှိုင်သည် စက်တင်ဘာလ ၁၈ ရက်နေ့တွင် ထားဝယ်မြို့သို့ရောက်ရှိစဉ်
ဒေသထွက်ကုန်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
နိုင်ငံတော်လုံခြုံရေးနှင့်
အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက “ရော်ဘာထုတ်လုပ်မှုနှင့်ပတ်သက်၍
မိမိတို့နိုင်ငံမှ ထုတ်လုပ်သည့် ရော်ဘာကုန်ကြမ်းများအနေဖြင့်
အဆင့်မြှင့်တင်ရန်လိုကြောင်း၊ ရော်ဘာကုန်ကြမ်းများအား ပြည်ပသို့
လွယ်ကူစွာတင်ပို့နိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သော်လည်း အဆင့်မြှင့်တင်နိုင်
မည်ဆိုပါက ဈေးကွက်နှင့်ဈေးနှုန်း ပိုမိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ကုန်ကြမ်းများ
တင်ပို့ခြင်းအပြင် ရော်ဘာထွက်ကုန်ပစ္စည်းများဖြစ်သည့် တာယာ၊ ကျွတ်နှင့် လူသုံးကုန်
ပစ္စည်းများကို အဆင့်မီစွာဖြင့် ဈေးကွက်ရရှိအောင် ထုတ်လုပ်နိုင်မည် ဆိုပါက
ပိုမိုအကျိုးရှိစေနိုင်မည် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
နိုင်ငံတော်အနေဖြင့်
ရော်ဘာထုတ်ကုန်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အားပေးဆောင်ရွက်လျက်ရှိပြီး
ရင်းနှီးမြှုပ်နှံ ငွေများလည်း ထုတ်ပေးလျက်ရှိသည်။ ထို့ကြောင့်
ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများနှင့် လုပ်ငန်းရှင်များအနေဖြင့် မြန်မာ့
ရော်ဘာပို့ကုန်များ ဈေးကွက်ပိုမိုရရှိရေးအတွက် နိုင်ငံတကာက ချမှတ်ထားသည့်
စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်စံနှုန်းများ၊ အသိအမှတ်ပြုလက်မှတ်များရရှိအောင်
တီထွင်ကြံဆကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။ ရော်ဘာကုန်ကြမ်းမှ
ကုန်ချောပစ္စည်းထုတ်လုပ်ပြီး ပြည်တွင်းလိုအပ်ချက်သာမက နိုင်ငံတော်က သတ်မှတ်
ပေးထားသော တရားဝင်လမ်းကြောင်းများမှ ပြည်ပသို့ပါ ထိုးဖောက်တင်ပို့နိုင်ပါက
ဈေးကွက်ပိုမိုကောင်းမွန်လာမည်ဖြစ်သည်။
ရော်ဘာစိုက်ပျိုးရာတွင်
အပင်သက်တမ်းနှင့် ထွက်ရှိနိုင်မှုတို့အပေါ်မူတည်၍ သွင်းအားစုများ
ဖြည့်သွင်းခြင်းအပါအဝင် စဉ်ဆက်မပြတ် ရော်ဘာထုတ်လုပ်မှု ကွင်းဆက်ဖြစ်ပေါ်လာအောင်
တွက်ချက်စိုက်ပျိုးဆောင်ရွက်သွားရန်လိုသည်။ ရော်ဘာထုတ်ကုန်ပစ္စည်းများသည်
နိုင်ငံတော်အတွက် လိုအပ်ချက်အမြဲရှိနေမည် ဖြစ်သည့်အတွက် ရော်ဘာကို အခြေခံသည့်
စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာ အောင် အလေးထားဆောင်ရွက်ခြင်းအားဖြင့်
နိုင်ငံ့ဝင်ငွေ တိုးတက်လာမည် ဖြစ်သလို လုပ်ငန်းရှင်များလည်း တွက်ခြေကိုက်ပြီး
ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်များပြားလာမည်ဖြစ်သည်။
စိုက်ပျိုးရေးကို
အခြေခံသည့်စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင်
တနင်္သာရီတိုင်းဒေသကြီး၏ အခြေခံကောင်းများကို အကျိုးရှိစွာ အသုံးချပြီး
ဒေသတွင်း၌စိုက်ပျိုးဖြစ်ထွန်းသည့် ရော်ဘာအပြင် ကော်ဖီ၊ ကိုကိုး၊ ဒူးရင်း၊ သီဟိုဠ်၊
ဆီအုန်း စသည့်အပင်များကို အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုး၍ ကုန်ကြမ်းမှ
ဈေးကွက်ဝင်ထုတ်ကုန်များ ဖြစ်ထွန်းလာအောင် ကြိုးပမ်းဆောင်ရွက် ရမည်ဖြစ်သည်။
ဒေသမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများဖြင့် စက်မှုထုတ်ကုန် လုပ်ငန်းများကို
အဆင့်မြှင့်တင်ပြီး အောင်မြင်စွာဆောင်ရွက်နိုင်ပါမှ ဒေသစီးပွားရေး ကောင်းမွန်လာမည်ဖြစ်သလို
နိုင်ငံ့ ဝင်ငွေလည်း တိုးတက်လာမည်။ လက်ရှိတွင် ပြည်တွင်းထုတ်
မော်တော်ယာဉ်တာယာနှင့် အခြားပစ္စည်းများ ထုတ်လုပ်နိုင်သော်လည်း
နိုင်ငံတကာထုတ်ကုန်များနှင့်နှိုင်းယှဉ်လျှင် လိုအပ်ချက်ရှိနေသေးသဖြင့်
အဆင့်အတန်းမီ၊ ဈေးကွက်ဝင်နိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
အလားတူ ဒေသအတွင်း
အများအပြားဖြစ်ထွန်းအောင်မြင်နေသည့် အုန်းနှင့် ပတ်သက်၍လည်း အဆင့်မြင့်ဈေးကွက်ဝင်
ကုန်ချောပစ္စည်းများ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်က ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ဒေသတွင်နေထိုင်ကြသူများကလည်း
မိမိတို့ဒေသ အကျိုးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးကြရမည်ဖြစ်သည်။ “တိုင်းဒေသကြီး၊
ပြည်နယ်အလိုက် အားသာချက်ရှိသည့်၊ အလားအလာကောင်းသည့် ထုတ်ကုန်များ
တိုးမြှင့်ထုတ်လုပ်နိုင်ရေး အလုပ်လုပ်ကိုင်ကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၌
ထုတ်ကုန် များ ထုတ်လုပ်နိုင်ရန် ရေခံ၊ မြေခံနှင့် သဘာဝကပေးသော
အခွင့်အလမ်းကောင်းများရှိသော်လည်း အလုပ်လုပ်ကြရန် လိုအပ်လျက်ရှိကြောင်း၊
လုံလောက်သော အရင်းအမြစ်၊ လုပ်သားများရှိသော်လည်း အလုပ်အကိုင်ရွေးချယ်နေခြင်းသည်
ဖွံ့ဖြိုးမှုကို နှောင့်နှေးစေကြောင်း၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရရာကဏ္ဍ၊
ရောက်ရာနေရာ၌ ကြိုးစား လုပ်ဆောင် သွားကြရမည် ဖြစ်ကြောင်း” နိုင်ငံတော် အကြီးအကဲက
တိုက်တွန်းပြောကြားထားသည်။
သို့ဖြစ်ရာ
ဒေသတွင်း၌ ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်လုပ်ကိုင်ဆောင်ရွက်ခြင်းဖြင့်
အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး ဒေသတွင်းလည်ပတ်ရင်းနှီးငွေများ
တိုးပွားလာမည်ဖြစ်ကာ ဒေသ၏ လူမှုစီးပွားဘဝ တိုးတက် မြင့်မားလာမည်ဖြစ်၍ ဒေသတွင်းကုန်ထုတ်လုပ်ငန်းများ
ဖွံ့ဖြိုးတိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်
တိုက်တွန်းအပ်ပါကြောင်း။
No comments