လက်ရှိချန်ပီယံ ပီအက်စ်ဂျီ၊ ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးအသင်းတို့ အိမ်ကွင်းနိုင်ပွဲအသီးသီးရရှိ



စက်တင်ဘာ ၁၇ ရက်ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေမှာ လက်ရှိချန်ပီယံ ပီအက်စ်ဂျီအသင်း၊ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လီဗာပူးအသင်းတို့ဟာ အိမ်ကွင်းနိုင်ပွဲ အသီးသီး ရရှိခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ အတ္တလန္တာအသင်းကို လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး မာကွင်ဟို၊ ဗာရက်ခီလီယာ၊ နျူနိုမန်ဒက်စ်နဲ့ ဂွန်ကာလိုရာမို့စ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ 

ပီအက်စ်ဂျီအသင်းဟာ မေလအတွင်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်အသင်းကို   ငါးဂိုးပြတ်အနိုင်ရပြီး    ချန်ပီယံလိဂ်ဖလား ပထမဆုံးဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချယ်လ်ဆီးအသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းက ချယ်လ်ဆီးကစားသမား ချာလိုဘက်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းမိသလို ဖြစ်ခဲ့တဲ့ သွင်းဂိုးတစ်ဂိုး၊ ဟယ်ရီကိန်းရဲ့  သွင်းဂိုးနှစ်ဂိုးတို့ရရှိခဲ့ပြီး   ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ကိုးလ်ပယ်မားက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက သုံးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီး လီဗာပူးအသင်းအတွက်  သွင်းဂိုးတွေကို  ရောဘတ်ဆန်၊   မိုဟာမက်ဆာလာနဲ့ ဗန်ဒိုက်တို့က   သွင်းယူပေးခဲ့တာဖြစ်ပါတယ်။   အက်သလက်တီကိုမက်ဒရစ် အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကိုတော့ မားကို့စ်လော်ရန်တီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

မားကို့စ်လော်ရန်တီဟာ ၂၀၂၀ ပြည့်နှစ်က အန်ဖီးလ်ကွင်းမှာ လီဗာပူးအသင်းကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲစဉ်မှာလည်း အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် သွင်းဂိုး နှစ်ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အခြားသောချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ အင်တာမီလန်အသင်းက အေဂျက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့်အနိုင်ရရှိခဲ့ပြီး အိုလံပီယာကို့စ်အသင်းနဲ့   ပါဖို့စ်အသင်းတို့ပွဲစဉ်မှာ   ဂိုးမရှိသရေ၊    ဆလာဗီယာပရက်ဂ်ျအသင်းနဲ့    ဘိုဒိုအသင်းတို့ပွဲစဉ်မှာ    တစ်ဖက်နှစ်ဂိုးစီသရေ စသည်ဖြင့် ရလဒ် အသီးသီးထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်

No comments

Powered by Blogger.