ပူတာအိုမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြုနည်းသင်တန်းဖွင့်ပွဲ ကျင်းပ

 



ပူတာအို စက်တင်ဘာ ၁၈

 

ပူတာအိုမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲကကြီးမှူး၍ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM)ကိုင်တွယ် အသုံးပြု နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ခရိုင်ရွေးကောက်ပွဲအရာရှိ ဒေါ်ဘေလားခူရ်ဘူဆားရ်ကမြန်မာအီလက်ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်း၍ Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

 

သင်တန်းတွင် မဲပေးစက် ထိန်းချုပ်ကိုင်တွယ်အသုံးပြုခြင်း ဆိုင်ရာများအား Power Pointဖြင့် ရှင်းလင်းပို့ချခြင်း၊ မဲပေးစက်နှင့် ပတ်သက်၍ လက်တွေ့တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မဲရုံများတွင် အသုံးပြုဖြည့်သွင်းရမည့် ပုံစံများအား ရှင်းလင်းခြင်းများကို စက်တင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့ သင်ကြားပို့ချသွာမည်ဖြစ်သည်။

 

အဆိုပါသင်တန်းသို့ ပူတာအို မြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ မဲရုံပေါင်း ၅၁ ရုံတွင် မဲရုံမှူး၊ ဒု-မဲရုံမှူးနှင့် မဲပေးစက် ထိန်းချုပ်သူအဖြစ် မဲရုံတာဝန် ထမ်းဆောင်ကြမည့် ဆရာ ဆရာမများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ သင်တန်းသား သင်တန်းသူ စုစုပေါင်း ၂၂၀ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)

No comments

Powered by Blogger.