နိုင်ငံ့စီးပွားမြင့်မားစေမည့် ရွှေစိမ်း (မြန်မာ့အလင်း)


 

မြန်မာနိုင်ငံ၏ ဝါးသယံဇာတပိုင်ဆိုင်မှုမှာ ကမ္ဘာ့တတိယအဆင့်ရှိသည့် နိုင်ငံဖြစ်သည်။ ပဲခူးရိုးမ၊ ရခိုင်ရိုးမနှင့် တနင်္သာရီဒေသများသည် စီးပွားဖြစ်ဝါးထုတ်ယူနိုင်သော ဒေသများဖြစ်ပြီး ဧရိယာ အကျယ်အဝန်း ၄၄၀၇၈၄၈ ဧက ရှိသည်။ သဘာဝတောများတွင် ဝါးပေါက်ရောက်နိုင်သည့် ဧရိယာဧက ၆၉၆၃၄၇၅၀ ခန့်ရှိရာ ဝါးထုတ်ယူနိုင်မှုသည် ဝါးပေါက်ရောက်မှုဧရိယာ စုစုပေါင်း၏ ၆ ဒသမ ၄ ရာခိုင်နှုန်းသာရှိသည်ဟု သိရသည်။

 

မိမိတို့နိုင်ငံသည် ဝါးတောပိုင်ဆိုင်မှု မြင့်မားသည့်နိုင်ငံများတွင် ပါဝင်သော်လည်း ဝါးမှဝင်ငွေရရှိမှု အလွန်နည်းသည့်နိုင်ငံ ဖြစ်လျက်ရှိကြောင်း၊ ဝါးလုပ်ငန်းကို ဖွံ့ဖြိုးအောင်လုပ်နိုင်ပါက ကျေးလက် ပြည်သူများ၏ ဆင်းရဲနွမ်းပါးမှုလျော့ပါးအောင် သေချာပေါက်ဆောင်ရွက်နိုင်ကြောင်း ပညာရှင်များက အကြံပြုထားသည်။ ဝါးမှ နိုင်ငံခြားဝင်ငွေရှာဖွေသည့် လုပ်ငန်းများကို အခြားနိုင်ငံများတွင်လည်း ဆောင်ရွက်လျက်ရှိရာ ထိုင်းနိုင်ငံသည် ကလွေဝါး သို့မဟုတ် ကြလိုဝါး (Dendrocalamus asper) စိုက်ခင်းများထူထောင်ပြီး မျှစ်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းမှ နှစ်စဉ်ဒေါ်လာသန်း ၄၀ ကျော်ရရှိကြောင်း၊ တရုတ် (တိုင်ပေ) သည်လည်း မျှစ်တင်ပို့သည့်လုပ်ငန်းမှ နှစ်စဉ်ဒေါ်လာသန်း ၄၀ ကျော်ရရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဝါးလက်မှုပစ္စည်းတင်ပို့ခြင်း မှ (၁၉၉၁-၂၀၀၀) အထိ ၁၀ နှစ်အတွင်း နှစ်စဉ်ပျမ်းမျှဝင်ငွေ အမေရိကန်ဒေါ်လာ ၄၃၆ ဒသမ ၉၄ သန်းဖြစ်ကြောင်း သိရသည်။

 

၂၀၀၆ ခုနှစ်တွင်ဝါးမှ နိုင်ငံခြားဝင်ငွေရသည့် နိုင်ငံများမှာ တရုတ်နိုင်ငံက ဒေါ်လာ ၁၇၄၈ သန်း၊ အင်ဒိုနီးရှားက ဒေါ်လာ ၄၃၃ သန်း၊ အီတလီက ၄၂၁ သန်း၊ ဗီယက်နမ်က ၂၀၇ သန်း၊ ဖိလစ်ပိုင်က ၁၆၄ သန်း၊ ဂျာမနီက ၁၂၂ သန်း၊ စပိန်က ၁၂၁ သန်း၊ အမေရိကန်က ၁၁၂ သန်း၊ ဘယ်လ်ဂျီယန်က ၈၈ သန်း၊ နယ်သာလန်က ၈၇ သန်း ရှိခဲ့သည်။ ဝါးကုန်ကြမ်းကို အခြေခံ၍ နည်းပညာ၊ ခေတ်မီစက်ကိရိယာ၊ ဆန်းသစ်တီထွင်မှုတို့နှင့် ပေါင်းစပ်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် အထက်ပါ အတိုင်း ပြည်ပဈေးကွက်သို့တင်ပို့ပြီး နိုင်ငံခြား ဝင်ငွေများ ရရှိနိုင်ခြင်းပင်ဖြစ်သည်။

 

ဝါးအခြေခံစက်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆိုပါလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အရည်အသွေးမီ ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရန်လိုအပ်သည်။ သို့ဖြစ်ရာ သဘာဝ တောများမှ ထုတ်လုပ်ခြင်းအပြင် ဝါးစိုက်ခင်းများ တည်ထောင်စိုက်ပျိုး၍ စနစ်တကျ ထုတ်လုပ်ရန်လိုသည်။ ဝါးအခြေခံစက်မှုလုပ်ငန်းမှ ထုတ်လုပ်မည့် တန်ဖိုးမြှင့်ကုန်ချော ထုတ်ကုန် အပေါ်မူတည်ပြီး ဝါးအမျိုးအစားကို ရွေးချယ်စိုက်ပျိုးကြရန်လည်း ပညာရှင်များက အကြံပြုထားသည်။

 

ဝါးကို တဲဆောက်၊ ခြံကာ မိရိုးဖလာသုံးစွဲမှု၊ ဆန်ကော၊ ဆန်ခါ၊ ခြင်းတောင်းရက်လုပ်သုံးစွဲမှုမျိုးမှသည် စက်မှုနည်းပညာများဖြင့် ခြောက်လက်မပတ်လည်၊ ရှစ်လက်မပတ်လည်တိုင်ကြီးများ၊ ဝါးပါကေး၊ ဝါးအထပ်သား၊ ဝါးမီးသွေး၊ ဝါး ရှာလကာရည်၊ ဝါးရွက်ဘီယာ၊ ဝါးမျှင်အဝတ်အထည်များ၊ ဆေးဝါးနှင့် အသုံးအဆောင်များ၊ ဝါးပျော့ဖတ် စသည်ဖြင့် ဝါးအခြေခံတန်ဖိုးမြှင့် ကုန်‌ချောများစွာ နိုင်ငံတကာတွင် ထုတ်လုပ်ရောင်းချနေကြသည်။ သစ်ပင်တစ်ပင်အရွယ်ရောက်ရန် နှစ်များစွာကြာမြင့်သော်လည်း ဝါးမှာ စိုက်ပြီး နှစ်နှစ် သုံးနှစ်ဆိုလျှင် သုံးစွဲ၍ရသည့်အပင်မျိုးဖြစ်သည်။

 

ဒေသအလိုက် ဝါးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရေး အလေးထားဆောင်ရွက်ရန် နိုင်ငံတော် အကြီးအကဲက လမ်းညွှန်မှုပြုထားရာ ဝါးသယံဇာတပိုင်ဆိုင်မှု မြင့်မားသည့် နိုင်ငံတစ်နိုင်ငံ အနေဖြင့် “ရွှေစိမ်း (Green Gold)” ဟု တင်စားသည့် ဝါးပင်ကို တန်ဖိုးမြှင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ နိုင်ငံ့အကျိုးဖြစ်ထွန်းစေရန် တီထွင်ကြံဆ ဆောင်ရွက်ကြရပါမည့်အကြောင်း။

 

 

No comments

Powered by Blogger.