ကယားပြည်နယ်ဝန်ကြီးချုပ် ယာယီနေရပ်စွန့်ခွာပြည်သူများအား အခြေခံစားသောက်ကုန်များပေးအပ် ကျန်းမာရေးစောင့်ရှောက်ပေးနေမှု ကြည့်ရှုအားပေး
လွိုင်ကော် စက်တင်ဘာ ၂၁
ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် လွိုင်ကော်မြို့၌ ယာယီနေရပ်စွန့်ခွာ ရောက်ရှိနေထိုင် လျက်ရှိသည့် ပြည်သူများ လတ်တလောနေထိုင် စားသောက်မှု အဆင်ပြေစေရေး၊ ပြန်လည်နေရာချ ထားရေးနှင့် မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည် လည်ပတ်လုပ်ကိုင်နိုင်ရေး စနစ်တကျ စီမံအကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ လွိုင်ကော်မြို့ ရတနာ သီရိပရိယတ္တိစာသင်တိုက်၌ ကုန်းသာကျေးရွာတွင် ပြန်လည်ဝင်ရောက်နေထိုင်ရန် ထပ်မံရောက်ရှိလာသည့် ပြည်သူများနှင့် တွေ့ဆုံသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကား ပြောကြားပြီး ယာယီနေရပ်စွန့်ခွာ ပြည်သူများက လိုအပ်ချက်များ ဖြည့်ဆည်းပေးရန်အချက်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာ ဌာနများအလိုက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ပြန်လည်ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ယာယီနေရပ်စွန့်ခွာပြည်သူများသို့ ဆန်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်များနှင့် စားသောက် စရိတ်ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနဝန်ထမ်းများက ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအနေဖြင့် ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ကုသမှုခံယူရန် လိုအပ်ပါက အချိန်နှင့်တစ်ပြေးညီ ညွှန်းပို့နိုင်ရေး စီမံဆောင်ရွက်ပေးရန်မှာကြားပြီး ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြား သည်။
ထို့နောက် ကယားပြည်နယ် လွိုင်ကော်မြို့ သီရိ ဒေါနှစ်ခြင်း ခရစ်ယာန်အသင်းတော်ခန်းမဆောင် ဆက်ကပ်ချီးမွမ်းခြင်းနှင့် ဂုဏ်ပြုမိတ်ဆုံစားပွဲကို လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက် သီရိဒေါနှစ်ခြင်း ခရစ်ယာန် အသင်းတော်ခန်းမဆောင်၌ ကျင်းပရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်၊ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဗဟို အကြံပေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံခရစ်ယာန်အသင်း တော်များကောင်စီဥက္ကဋ္ဌ သာသနာပိုင်ချုပ်စတီဗင် သန်းမြင့်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ အသင်းတော် အသီးသီးမှ ဓမ္မဝန်ဆောင်ဆရာတော်များ၊ အသင်းသူ အသင်းသားများ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထား သူများတက်ရောက်ကြသည်။
အခမ်းအနားတွင် သိက္ခာတော်ရဆရာတော် ဒေါက်တာမျိုးဝင်းက ပဏာမကျမ်းစာဖတ်ကြား ခြင်းနှင့် အဖွင့်ဆုတောင်းပြီး သီရိဒေါနှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ ကွာယာသီချင်း သီဆို ချီးမွမ်းကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်က ပြည်နယ်အေးချမ်းသာယာရေးအတွက် ကျေးဇူးတော်ချီးမွမ်းသည်။
ဆက်လက်၍ လွိုင်ကော်နှစ်ခြင်းခရစ်ယာန် အသင်းတော်က ကွာယာသီချင်းသီဆိုချီးမွမ်းပြီး မြန်မာနိုင်ငံ ခရစ်ယာန် အသင်းတော်များကောင်စီ ဥက္ကဋ္ဌ သာသနာပိုင်ချုပ် စတီဗင်သန်းမြင့်ဦးက တရားဒေသနာ ဝေငှဟောကြားပြီး သီရိဒေါခရစ်ယာန် နှစ်ခြင်းအသင်းတော်မှ သင်းအုပ် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခူးရယ်ကျော်ထူးက ကျေးဇူးတင် ဂုဏ်ပြုစကား ပြောကြားသည်။
ယင်းနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ခေါင်းဆောင် က သီရိဒေါနှစ်ခြင်းအသင်းတော်သို့ အလှူငွေများကို ပေးအပ်ရာ သင်းအုပ်ဆရာတော် ဒေါက်တာ ခူးရယ်ကျော်ထူးက လက်ခံရယူပြီး လှူဒါန်းမှုများ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ရာ အလှူရှင်များက လက်ခံရယူသည်။
ထို့နောက် မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်ဥက္ကဋ္ဌ သိက္ခာတော်ရဆရာတော် ဒေါက်တာအေးမင်းက ခန်းမဆောင်နှင့် အသုံးအဆောင်များ ဆက်ကပ်ခြင်းနှင့် ဆုတောင်းခြင်း၊ လွိုင်ကော်နှစ်ခြင်း ခရစ်ယာန်အသင်းတော်မှ သင်းအုပ်သိက္ခာတော်ရဆရာတော် လားဘွယ်နေမှူး က ကယားပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များ အတွက် ဆုတောင်းခြင်းများ ဆောင်ရွက်ကာ ဧည့်သည်တော်များနှင့် တက်ရောက်လာသူများ အားလုံးကို ဂုဏ်ပြုနေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)
No comments