ဉာဏ်ရည်တုနည်းပညာဖြင့်ပြုလုပ်ထားသည့် ဖန်သားပြင်ရုပ်ပုံလွှာကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဝန်ကြီးအဖြစ် ခန့်အပ်



တီရာနာ စက်တင်ဘာ ၂၀

 

အယ်လ်ဘေးနီးယားနိုင်ငံ ဝန်ကြီးချုပ် အီဒီရာမာက ဉာဏ်ရည်တုနည်းပညာဖြင့် ပြုလုပ်ထားသည့် ဖန်သားပြင်ရုပ်ပုံ လွှာတစ်ခုကို ၎င်း၏အစိုးရအဖွဲ့ဝန်ကြီးတစ်ဦးအဖြစ် ခန့်အပ်တာဝန်ပေးထားကြောင်း သိရသည်။ အဆိုပါ ဖန်သားပြင်ရုပ်ပုံလွှာဝန်ကြီးက ပါလီမန်၌ ယမန်နေ့တွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့သည်။

 

ကမ္ဘာ့ပထမဆုံး ဉာဏ်ရည်တုနည်း ပညာလုပ်ဝန်ကြီးတစ်ဦး၏ မိန့်ခွန်းပြောကြားသည့်ဖြစ်စဉ်သည် နည်းပညာ နယ်ပယ်တွင် အောင်မြင်မှုတစ်ရပ်ဖြစ်ကြောင်း အနောက်တိုင်းမီဒီယာများက သတင်းဖော်ပြသည်။

 

ဝန်ကြီးချုပ် အီဒီရာမာက ၎င်းဝန်ကြီးကို အယ်လ်ဘေးနီးယန်းဘာသာဖြင့် “နေရောင်” ဟုနာမည်ပေးထားပြီး အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

 

လူသားများနေရာတွင် အစားထိုးရန်ရောက်လာခြင်းမဟုတ်ဘဲ အစိုးရအဖွဲ့ကို ကူညီပေးရန် ရောက်လာခြင်းဖြစ်ကြောင်း ဉာဏ်ရည်တု နည်းပညာလုပ်ဝန်ကြီးက ၎င်း၏မိန့်ခွန်းထဲတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

ထို့ပြင် ပုဂ္ဂိုလ်ရေးရည်မှန်းချက် သို့မဟုတ် အကျိုးစီးပွားရှာဖွေရန် ရည်ရွယ်ခြင်းမရှိကြောင်းနှင့် ၎င်းတွင် ဒေတာအချက်အလက်များသာ ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

အသိပညာ၊ အချက်အလက်တို့ကို အသုံးပြုကာ သမာသမတ်ကျပြီး ပွင့်လင်းမြင်သာစွာဖြင့် နိုင်ငံသားများအတွက် တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

အယ်လ်ဘေးနီးယားနိုင်ငံက ၂၀၃၀ ပြည့်နှစ်တွင် ဥရောပသမဂ္ဂသို့ ဝင်ရောက်ရန် ရည်မှန်းထားသော်လည်း နိုင်ငံအတွင်း အကျင့်ပျက်ခြစားမှုမြင့်တက်နေခြင်းမှာ အဟန့်အတားတစ်ခုဖြစ်နေသည်။

 

ကောင်းမွန်သော အုပ်ချုပ်မှု၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် လူမှုစီးပွားတိုးတက်မှုတို့အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်ရာတွင် ဉာဏ်ရည်တုနည်းပညာကို အသုံးချခြင်းသည် နိုင်ငံအတွင်းရှိ ဝန်ကြီးဌာနများနှင့် အေဂျင်စီများ အားလုံး၏ ပထမဦးစားပေးလုပ်ငန်းဖြစ်ကြောင်း ဝန်ကြီးချုပ် ရာမာက ပြောကြားခဲ့သည်။

 

သို့သော် အတိုက်အခံပါတီများက လူသားမဟုတ်သည့် ဖန်သားပြင်ရုပ်ပုံလွှာကို ဝန်ကြီးအဖြစ် ခန့်အပ်ခြင်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်မညီကြောင်း ဝေဖန်လျက်ရှိသည်။

 

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်

No comments

Powered by Blogger.