ကယားပြည်နယ်ဝန်ကြီးချုပ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

 



လွိုင်ကော် စက်တင်ဘာ ၁၇

ကယားပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ စံပြဝက်မွေးမြူရေးခြံ၊ သီးနှံအခြောက်ခံစက်ရုံ၊ ဌာနဆိုင်ရာရုံးများ၊ ဝန်ထမ်းအိမ်ရာများ ပြုပြင်ဆောင်ရွက် ပြီးစီးမှုနှင့် နောင်ယားကန် သာယာလှပရေးလုပ်ငန်း ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြည်နယ်၏ မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် မွေးမြူရေးလုပ်ငန်းရှင်များကို သရုပ်ပြ ပညာပေးဆောင်ရွက်နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိသည့် စံပြဝက်မွေးမြူရေးခြံသို့ ရောက်ရှိ၍ ပြည်နယ်ဝန်ကြီးချုပ်က ဝက်မွေးမြူ ဆောင်ရွက်လိုသူများကို စနစ်တကျပညာပေး သရုပ်ပြသနိုင်ရေးနှင့် ဝက်သားပေါက်များကို စဉ်ဆက်မပြတ် မွေးမြူဖြန့်ဖြူးနိုင်ရေး၊ အနံ့အသက်ဆိုးများ မထွက်ရှိစေရေးနှင့် ကူးစက်ရောဂါများ ကျရောက်မှု မရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။

ထို့နောက် ရေနီကန်ကျေးရွာမှ တောင်သူ ဦးပလားရယ်၏ အောင်နိုင်တိုးစပါး စမ်းသပ်စိုက်ကွင်းတွင် စိုက်ပျိုးဖြစ်ထွန်းနေမှု အခြေအနေကို လည်းကောင်း၊ ပျားလုပ်ငန်းဌာနခွဲ အခြေစိုက် ပျားဘုရင်မမွေးမြူရေး စခန်းတွင် ပျားများ မွေးမြူထားရှိမှု အခြေအနေကို လည်းကောင်း၊ ရေနီကန်ကျေးရွာရှိ Treasure Corn သီးနှံအခြောက်ခံစက်ရုံ လည်ပတ်ဆောင်ရွက်နေမှု ကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် ပြည်နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနသို့ရောက်ရှိကာ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပြည်နယ်နှင့် ခရိုင်ရုံးများ၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးမှုနှင့် ရုံးများ ဖွင့်လှစ်မှုအခြေအနေကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်း အိမ်ရာများတွင် ဝန်ထမ်းများ စနစ်တကျ ပြန်လည် နေရာချထားရန်၊ ရုံးနှင့်ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ရန်နှင့် ပြည်နယ်၏ မွေးမြူရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်၍ နောင်ယားကန်သို့ ရောက်ရှိပြီး အများပြည်သူ စိတ်အေးချမ်းသာစွာ အပန်းဖြေ အနားယူနိုင်ရန်နှင့် ဒေသထွက် လက်ဆောင်ပစ္စည်းများ ရောင်းချနိုင်ရန် ဆောင်ရွက်လျက်ရှိသည့် ဈေးဆိုင်ခန်းများ ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။  

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.