ဧရာဝတီတိုင်းဒေသကြီးအတွင်း စပါးနှင့် မြေပဲစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် အထွက်တိုး မြေပဲမျိုးနှင့် သွင်းအားစုများ ပေးအပ်
နေပြည်တော် စက်တင်ဘာ ၁၅
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဆီထွက်သီးနှံစိုက်ပျိုးရေးစီမံကိန်း
မြေပဲစိုက်တောင်သူများသို့ အထွက်တိုး မြေပဲမျိုးနှင့် သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို
ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ် ဆားမလောက်ကျေးရွာရှိ နည်းပညာပြန့်ပွားရေးစင်တာ၌
ကျင်းပရာ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊
တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဌာနဆိုင်ရာများ၊ မြန်အောင်၊ အင်္ဂပူနှင့် ညောင်တုန်းမြို့နယ်တို့မှ သမဝါယမအသင်းသား
တောင်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက
ယခုအခမ်းအနားတွင် မြန်အောင်၊ အင်္ဂပူ၊ ညောင်တုန်းမြို့ နယ်တို့မှ မြေပဲစိုက်သမဝါယမ
အသင်း ၂၁ သင်း၏ စိုက်ဧက ၄၅၀ အတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှင့် ညီမျှသော အထွက်တိုးမျိုးနှင့်
သွင်းအားစုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ ထွက်ရှိလာသော သီးနှံများ ဈေးကွက်ရရှိရေးနှင့်
သမဝါယမချေးငွေများ၊ မြစိမ်းရောင် (ဆီထွက်သီးနှံနေကြာ) စီမံကိန်း ချေးငွေ၊ သက်တံ့ရောင်စီမံကိန်း
ချေးငွေများကို သက်သာသော အတိုးနှုန်း၊ သီးနှံပေါ်ပေးစနစ်တို့ဖြင့် အထွက်တိုးမျိုးနှင့်
သွင်းအားစုများ ပံ့ပိုးပေးလျက်ရှိကြောင်း၊ ထို့ပြင် မျိုး၊ သွင်းအားစုဓာတ်မြေ ဩဇာများကို
အရည်အသွေးမှန်ကန်ပြီး ဈေးနှုန်းသက်သာစွာဖြင့် တောင်သူများလက်ဝယ် အချိန်မီ ရောက်ရှိရေး
စီမံဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်အောင်၊
အင်္ဂပူနှင့် ညောင်တုန်းမြို့နယ်အတွင်းရှိ
သမဝါယမ အသင်း ၂၁ သင်း၏ စိုက်ဧက ၄၅၀ အတွက် အထွက်တိုးမြေပဲမျိုးနှင့် သွင်းအားစုများ
ပေးအပ်ကာ တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေဖြင့် ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်မည့်
စက္ကော့တောင်-အင်းမကျေးရွာချင်းဆက်လမ်းကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် အုန်းပင်စုစံပြ ကျေးရွာ၌
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဆင်း လက်ရာများကို ကြည့်ရှုအားပေး၍ စီမံကိန်းအမှတ်တရ
ကံ့ကော်ပင်များ စိုက်ပျိုးပေးကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်
ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ အိမ်သွယ်ရေတိုင်စနစ်ဖြင့်
ကျေးရွာရေရရှိရေး လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို လည်းကောင်း၊ မူလတန်းကျောင်း သောက်ရေသန့်ရရှိရေးဆိုင်ရာ
လုပ်ငန်းများကို လည်းကောင်း၊ ကျေးလက်ဒေသ အခြေခံ အိမ်ထောင်စုများ အသက်မွေးဝမ်းကျောင်း
မြှင့်တင်ရေးစီမံကိန်း (SEP)ရန်ပုံငွေဖြင့် ကြက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုကို
လည်းကောင်း၊ မဲခေါင်-လန်ချန်း စီမံကိန်းဖြင့် Green House, Net House စိုက်ပျိုးရေးလုပ်ငန်း
ဆောင်ရွက်ထားမှုကို လည်းကောင်း လှည့်လည်ကြည့်ရှုပြီး အခြေခံ စက်ချုပ်နည်းပညာသင်တန်း
တက်ရောက်အောင်မြင် ပြီး မွမ်းမံစက်ချုပ်နည်းပညာသင်တန်း တက်ရောက်လျက်ရှိသော သင်တန်းသူများနှင့်
တွေ့ဆုံအားပေးစကား ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်းမြို့တော်ခန်းမ၌
ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံကိန်းနှင့် အကျုံးမဝင်သည့် တောင်သူများအား
သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်ပွဲသို့ တက်ရောက် အမှာစကားပြောကြားသည်။
အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က
ဧရာဝတီတိုင်းဒေသကြီးအတွင်း သွင်းအားစု မြေဩဇာ ဖြန့်ဖြူးပြီးစီးမှု၊ နည်းပညာပေးမှု၊
ပြန်လည် ကောက်ယူမည့် အစီအမံများကို ရှင်းလင်း ပြောကြားပြီး ပြည်ထောင်စုဝန်ကြီးနှင့်
တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့က ညောင်တုန်းမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စု ၃၀ မှ
တောင်သူများ၏ စိုက်ဧက ၃၄၇၄၆ ဧက အတွက် ၁၅ ပတ်လည် ကွန်ပေါင်း ၁၁၉၀၁ အိတ်နှင့် ယူရီးယားဓာတ်မြေဩဇာ
၉၉၁၂ အိတ်ကို ပေးအပ်ရာ တောင်သူ တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments