ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော် မိတ္ထီလာခရိုင် MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာ အထောက်အကူပြုအဖွဲ့များနှင့် တွေ့ဆုံ
မိတ္ထီလာ စက်တင်ဘာ ၂၁
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်သည် မိတ္ထီလာခရိုင် MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များ၊ နည်းပညာ အထောက်အကူပြု အဖွဲ့များနှင့် စက်တင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်က ပထမအကြိမ် မဲစာရင်း ကပ်ထား ကြေညာနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်၏ ပြင်ပတွင် ရောက်ရှိနေသော ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများနှင့် ယာယီနေရပ်စွန့်ခွာနေရသူများအား ကော်မရှင်အဖွဲ့ခွဲများ၏ စီစဉ်မှုဖြင့် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဆောင်ရွက်ပေးရမည့် လုပ်ငန်းစဉ်များ၊ လျာထားမဲရုံ တည်နေရာနှင့် မဲဆန္ဒရှင်စာရင်းများအား သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်နှင့် ခရိုင်ကော်မရှင်အဖွဲ့ခွဲများက ပူးပေါင်းစီစဉ်ဆောင်ရွက်သွားရမည့် အခြေအနေ၊ မြန်မာ အီလက်ထရောနစ် မဲပေးစက် MEVM စက်များအား ထုတ်ယူ၍ တပ်ဆင်စမ်းသပ်ခြင်းနှင့် လျာထား ရက်အတွင်း မဲရုံများသို့ သယ်ယူ ပို့ဆောင်နိုင်ရေးအတွက် ခရိုင်နှင့် မြို့နယ် MEVM ကြီးကြပ်မှုအဖွဲ့နှင့် နည်းပညာအထောက်အကူပြုအဖွဲ့ များက စီမံဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ဆွေးနွေး ပြောကြားသည်။
ဆွေးနွေး
ထို့နောက် မိတ္ထီလာခရိုင် MEVM ဆိုင်ရာကြီးကြပ်မှုအဖွဲ့ ဥက္ကဋ္ဌက ခရိုင်အတွင်း MEVM ဆိုင်ရာ ကြီးကြပ်မှုအဖွဲ့များနှင့် နည်းပညာ အထောက်အကူပြုအဖွဲ့များ ဖွဲ့စည်း ဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ် MEVM ကြီးကြပ်မှုအဖွဲ့ဝင်များနှင့် ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)
No comments